လားရှိုးမြို့တွင် ခင်ပွန်း၏ ရိုက်နှက်မှုကြောင့် ဇနီး ဖြစ်သူ သေဆုံး

လားရှိုးမြို့တွင် ခင်ပွန်း၏ ရိုက်နှက်မှုကြောင့် ဇနီး ဖြစ်သူ သေဆုံး
နိုဝင်ဘာ 29, 2019
By Tachileik News Agency

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု အဆုံးသတ်ရေး (၁၆)ရက်တာလှုပ်ရှားမှုကာလအတွင်း ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၂၉)ရက်နေ့တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့၌ အိမ်တွင်အကြမ်းဖက်ခံရမှုဖြင့် အသက် (၂၈)နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးသွားခဲ့ရသည်။

လားရှိုးမြို့ ရပ်ကွက် (၁၁)၊ နယ်မြေ (၇)၊ အောင်စေတနာလမ်းသွယ် (၉) ရှိ နေအိမ်ဧည့်ခန်းတွင် အမျိုးသမီးတစ်ဦး သေဆုံးနေကြောင်း သတင်းအရ နံနက် (၁၀)နာရီအချိန်တွင် ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာအသက် (၂၈)နှစ်အရွယ် မနန်းဂျူးစလင်းမှာ ရိုက်နှက်ခံရသည့်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

သေဆုံးသူ၏ ခင်ပွန်းဖြစ်သည့် အသက် (၃၉) နှစ်အရွယ် ထိန်လင်းကိုအား စစ်ဆေးရာ နိုဝင်ဘာလ (၂၈) ရက်နေ့ ည (၁၀) နာရီ မိနစ် (၂၀)ဝန်းကျင်က ဇနီးဖြစ်သူနှင့် စကားများရန်ဖြစ်ပြီး ဇနီးဖြစ်သူကို လက်သီးဖြင့်ထိုး၊ ရာဘာတုတ်ဖြင့် ရိုက်နှက်ခဲ့ခြင်းဖြစ်သည်ဟု ဝန်ခံထွက်ဆိုခဲ့ကြောင်း သိရသည်။

"ညတုန်းက အဲဒီလင်မယား စကားများရန်ဖြစ်ကြတဲ့အတွက် အဲဒီလင်မယားကို ရပ်ကွက်က ခွဲထားပြီးတော့ ကောင်မလေးကို လမ်းသွယ် (၉) ထဲကပဲ တစ်ခြားအိမ်မှာထားထားပေးတယ်။  မနက် ၄/၅ နာရီ လောက်မှာ ကောင်လေးက ပြန်လာခေါ်ပြီးတော့ ထပ်ပြီး ရန်ဖြစ်ကြတယ်။ ပြီးတော့ ကောင်မလေး သေသွားတယ်လို့ သိရတာပဲ"ဟု အခင်းဖြစ်သည့် လမ်းသွယ် (၉) တွင်နေထိုင်သူ အမျိုးသမီးတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဇနီးဖြစ်သူကို သေသည်အထိ ရိုက်နှက်ခဲ့သည့် ထိန်လင်းကိုအား လားရှိုးမြို့မရဲစခန်းတွင် (ပ)၄၉၁/ ၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ-၃၀၂ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ကမ္ဘာတလွှားရှိ အမျိုးသမီး (၃)ဦးအနက် (၁)ဦးသည် ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ သို့မဟုတ် လိင်ပိုင်းအကြမ်းဖက်ခံ နေရသည်ဟု ကုလ၏ စာရင်းအချက်အလက်များတွင် ဖေါ်ပြထားပြီး အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ဆန့်ကျင်ရေး (၁၆)ရက်တာ လှုပ်ရှားမှုကို အပြည်ပြည်ဆိုင်ရာနေ့အဖြစ် ကုလသမဂ္ဂက သတ်မှတ်ကာ နိုဝင်ဘာလ (၂၅)ရက်နေ့မှစ၍ လုပ်ဆောင်ကြခြင်းဖြစ်သည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင်လည်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှုအဆုံးသတ်ရေး (၁၆)ရက်တာ လှုပ်ရှားမှုအဖြစ် အမျိုးသားနှင့် အမျိုးသမီးဦးရေ (၁၀၀)ပါဝင်မည့် ဆိုင်ကယ်အနှေးစီးပြိုင်ပွဲ ကျင်းပရန် စီစဉ် ထားကြခြင်းဖြစ်သည်။

Tachileik News Agency
သတင်း  - နေဖြိုးမြင့်
ဓါတ်ပုံ - ပေးသောလက် လူမှုကူညီရေးအသင်း (လားရှိုး)


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~