နမ့်ဆန်မြို့နေ ဒေသခံများနှင့် TNLA ခေါင်းဆောင်များ တွေ့ဆုံ 

နမ့်ဆန်မြို့နေ ဒေသခံများနှင့် TNLA ခေါင်းဆောင်များ တွေ့ဆုံ 

 ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအတွင်း တအာင်းပြည်နယ် နမ့်ဆန်မြို့နယ်ရှိ ဒေသခံများနှင့် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး(TNLA)ခေါင်းဆောင်များ  တွေ့ဆုံ ခဲ့ကြောင်း သိရသည်။

 

 TNLA ဥက္ကဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်း၊ အထွေထွေအတွင်းရေးမှူ ဗိုလ်ချုပ် တားဘုန်းကျော်၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ် တားဟိုပလန်နှင့် နမ့်ဆန်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၂၃)စုမှ ဒေသခံ (၃၀၀)ကျော်တို့   ၂၀၂၄ ခုနှစ်၊ မတ်လ(၂၆)ရက်နေ့က တွေ့ဆုံခဲ့ကြောင်း သိရသည်။

"အသက်သွေးခြွေးစွန့်ကာ တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့သည့် နမ့်ဆန်မြို့အပြင် တအာင်းလူမျိုးများ၏ ဒေသတစ်ခုလုံးအား တအာင်းတပ်မတော်နှင့် ထိုဒေသအတွင်းနေထိုင်ကြသည့် ပြည်သူလူထုများ စုပေါင်းကာ အတူတကွ ကာကွယ်စောင့်ရှောက်ရမည်"ဟု TNLA ဥက္ကဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ပြောသည်။

နမ့်ဆန်မြို့အပြင် တအာင်းဒေသအတွင်း လက်ဖက်လုပ်ငန်း ပိုမိုအဆင့်မြှင်တင်သွားရန်နှင့် ပညာရေး၊ ကျန်းမာရေး၊ အုပ်ချုပ်ရေးကဏ္ဍများအား အကောင်းဆုံးဖြစ်အောင် စနစ်တကျစီမံသွားမည် ဟုလည်း TNLA အထွေထွေအတွင်းရေးမှူ ဗိုလ်ချုပ် တားဘုန်းကျော်က ပြောသည်။

မဟာလူမျိုးကြီးဝါဒကျင့်သုံးကာ တအာင်းလူမျိုးအပေါ် နှစ်ပေါင်း (၆၀)ကျော် အနိုင်ကျင့်ဖိနှိပ်ခံခဲ့ရသည့် အမြစ်ဆိုးအား ရိုက်ချိုးနှုတ်ပစ်နိုင်ခဲ့ပြီဖြစ်ပြီး စည်းစည်းလုံးလုံးနေထိုင်သွားကြရန်လည်း TNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ် တားဟိုပလန်က ပြောသည်။

ထို့နောက် တက်ရောက်လာသည့် ဒေသခံပြည်သူလူထုများကလည်း ၎င်းတို့လိုအပ်သည်များ တင်ပြခဲ့ကြသည်ဟု သိရသည်။

Photo: TNLA