သိန္နီမြို့ ကွမ်လုံအထွက်ရှိ သိန္နီတံတား မိုင်းခွဲခံရကာကျိုးကျ

သိန္နီမြို့ ကွမ်လုံအထွက်ရှိ သိန္နီတံတား မိုင်းခွဲခံရကာကျိုးကျ
အောက်တိုဘာ 30, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့ ကွမ်လုံအထွက်ရှိ သိန္နီတံတား ယနေ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၃၀)ရက်နေ့ နံနက်ပိုင်းတွင် ကျိုးကျသွားသဖြင့် သွားလာ၍ မရတော့ကြောင်း ဒေသခံများထံမှ သိရ သည်။

ယနေ့ နံနက်ပိုင်း (၅)နာရီခွဲဝန်းကျင်ကစတင်ပြီး နှစ်ဖက်တပ်များ လက်နက်ကြီး၊ လက်နက်ငယ်ဖြင့် အပြန်အလှန် ပစ်ခတ်နေကြပြီး တိုက်ပွဲပြင်းထန်နေကာ သိန္နီတံတားလည်း မိုင်းခွဲခံရပြီး  ကျိုးကျသွားသဖြင့် လားရှိုး၊ မန္တလေးလမ်းမကြီးမှာ ပိတ်ထားရသည့်အခြေအနေဖြစ်ကြောင်း သိရသည်။ 

“အခုက ကွတ်ခိုင်နဲ့ နမ့်ဖက်ကာကြားက နမ့်ခိုင်စစ်ဆေးရေးဂိတ်တံတားနားက စစ်ကောင်စီတပ်ဖွဲ့ စစ်ဆေးရေးဂိတ်စခန်းကို မဟာမိတ်တွေဝင်တိုက်နေတာ။ အဲဒါကြောင့် စစ်ကူနဲ့ ထောက်ပို့တွေမလာနိုင်အောင် ခွဲလိုက်တာဖြစ်မယ်။ သိန္နီတံတားက လားရှိုးကနေပဲလာလာ၊ ဘယ်ကနေပဲလာလာ အဲဒီတံတားကို ဖြတ်ရတာကိုး။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

ထို့အပြင် လားရှိုး၊ မူဆယ်၊ နမ့်ခမ်း၊ ချင်းရွှေဟော်၊ လောက်ကိုင် လမ်းပိုင်းများလည်း အောက်တိုဘာလ (၂၇)ရက်နေ့ကစတင် ပိတ်ထားရသည်ဟု သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ (၂၇)ရက်နေ့ကစတင်ကာ ညီနောင်မဟာမိတ်များက ၁၀၂၇ စစ်ဆင်ရေးကြေညာပြီးနောက် လားရှိုး၊ ကွတ်ခိုင်၊ မူဆယ်နှင့် နမ့်ခမ်းမြို့နယ်တို့တွင် တိုက်ပွဲများ ပြင်းထန်နေခြင်းဖြစ်သည်။

#TachileikNewsAgency