ဈေးကွက်အတွင်းမှ စားသောက်ကုန် (၁၇)မျိုးကို ဘေးကင်းကြောင်း ကြေညာသည်အထိ ထုတ်လုပ်၊ဖြန့်ဖြူးရောင်းချခြင်းမပြုရန် FDA ကြေညာ

ဈေးကွက်အတွင်းမှ စားသောက်ကုန် (၁၇)မျိုးကို ဘေးကင်းကြောင်း ကြေညာသည်အထိ ထုတ်လုပ်၊ဖြန့်ဖြူးရောင်းချခြင်းမပြုရန် FDA ကြေညာ
နိုဝင်ဘာ 12, 2019
By Tachileik News Agency
ဈေးကွက်အတွင်းမှ စားသောက်ကုန် (၁၇)မျိုးကို ဘေးကင်းကြောင်း ကြေညာသည်အထိ 
ထုတ်လုပ်၊ဖြန့်ဖြူးရောင်းချခြင်းမပြုရန် FDA ကြေညာ

FDA က ရှမ်းပြည်နယ်၊ စစ်ကိုင်း၊ မကွေးနှင့် မန္တလေး တိုင်းဒေသကြီးများရှိ မြို့ကြီး (၉)မြို့တွင် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လမှ စက်တင်ဘာလအထိ ကွင်းဆင်းစစ်ဆေးပြီးနောက် ဈေးကွက်တွင်းမှ ကုန်ပစ္စည်း (၁၇)မျိုးကို ရောင်းချရန်မသင့်ကြောင်း ကြေညာလိုက်သည်။

FDA (အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန) က ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၅)ရက်နေ့တွင် အွန်လိုင်းမှ ထုတ်ပြန်ကြေညာပြီးနောက် နိုဝင်ဘာလ (၁၀)ရက်နှင့် (၁၁)ရက်နေ့များတွင်လည်း နိုင်ငံပိုင်သတင်းစာများမှ ထုတ်ပြန်ကြေညာထားခြင်းဖြစ်သည်။

ဈေးကွက်အတွင်းရောင်းချနေသည့် အစားအသောက်များကို FDA က ဝယ်ယူစစ်ဆေးရာတွင် ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံရှိ မြို့မဈေးအတွင်းမှ Hunter အမှတ်တံဆိပ် ငါးရုပ်ပုံဖြင့် Jelly၊ တာချီလိတ်မြို့ ဈေးကွက်တွင် ရောင်းချနေသည့် I Love You အမှတ်တံဆိပ် Jelly၊ တောင်ကြီးမြို့တွင် ရောင်းချနေသည့် ထူးရှယ်အမှတ်တံဆိပ် အရောင်တင်မှုန့်၊ ကသာမြို့တွင် ရောင်းချနေသည့် Xingchenshipin အမှတ်တံဆိပ် စပျစ်သီးခြောက်နှင့် Hong Yuan အမှတ်တံဆိပ် ဇီးသီးယို၊ ကလေးမြို့နှင့် ကလေးမြို့နယ်၊ အင်ဒိုင်းကျေးရွာတို့တွင် ရောင်းချနေသည့် နတ်သမီးအမှတ်တံဆိပ် သတ်သတ်လွတ်ခေါက်ဆွဲ၊ Every Day အမှတ်တံဆိပ် Lime Juice Power၊ Nippon အမှတ်တံဆိပ် Energy Power C နှင့် Hito အမှတ်တံဆိပ် Tamarind Toffee၊ တမူးမြို့တွင် ရောင်းချနေသည့် ASA အမှတ်တံဆိပ် Jelly Egg၊ မင်းလှမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ရောင်းချနေသည့် Baby အမှတ်တံဆိပ် Passion Juice နှင့် Aye Aye Aung အမှတ်တံဆိပ် Preserved Fruits၊ မကွေးမြို့ မြို့မဈေးတွင် ရောင်းချနေသည့် Lover Plum အမှတ်တံဆိပ် ဇီးသီးခြောက်၊ i Candy အမှတ်တံဆိပ် မာလာကာသီးချိုချဉ်၊ i Candy အမှတ်တံဆိပ် ပန်းသီးချိုချဉ်နှင့် ပလောင်မ အမှတ်တံဆိပ် လက်ဖက်၊ ဝမ်းတွင်းမြို့ မြို့မဈေးတွင် နေဝင်း အမှတ်တံဆိပ် ပဲကြီးလှော်တို့မှာ စားသုံးရန်မသင့်ကြောင်း ထုတ်ပြန်ကြေညာလိုက်ခြင်းဖြစ်သည်။

အဆိုပါ စားသောက်ကုန်များတွင် စားသုံးသူအား ကျန်းမာရေးထိခိုက်စေသည့် ခွင့်မပြု တာရှည်ခံ ဓာတုပစ္စည်းများ၊ ခွင့်မပြုဆိုးဆေးများနှင့် ခွင့်ပြုအစားအသောက် ထပ်ဖြည့် ပစ္စည်းများအား သက်မှတ်ပမာဏထက်ပိုမိုကျော်လွန်သုံးစွဲထားသည်တို့ကို စစ်ဆေးတွေ့ရှိရသည်ဟု သိရသည်။

အဆိုပါအစားအသောက်များကို ရေရှည်စားသုံးမိပါက အစာအိမ်၊ အသည်း၊ ကျောက်ကပ်များ ပျက်စီးနိုင်ခြင်းနှင့် ကင်ဆာရောဂါများဖြစ်ပွားနိုင်သဖြင့် ဘေးအန္တရာယ်ကင်းရှင်းကြောင်း FDA က ပြန်လည်ကြေညာခြင်းမပြုမီအချိန်ထိ စားသုံးခြင်းမပြုရန် သတိပေးထားသည်။

အဆိုပါ စားသောက်ကုန်များကို ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချသူများအနဖြေင့်လည်း လိုက်နာဆောင်ရွက်ခြင်းမရှိပါက အမျိုးသားအစားအသောက်ဥပဒေ ပုဒ်မ၂၈(က)အရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
Tachileik News Agency

ဆက်စပ်သတင်း
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net