တာချီလိတ်နှင့် ကျိုင်းတုံမှ ရန်ကုန်သို့ ပထမဆုံး တိုက်ရိုက်ပြေးဆွဲမည့် ယာဉ်လိုင်းစတင်ဖွင့်လှစ်

တာချီလိတ်နှင့် ကျိုင်းတုံမှ ရန်ကုန်သို့ ပထမဆုံး တိုက်ရိုက်ပြေးဆွဲမည့် ယာဉ်လိုင်းစတင်ဖွင့်လှစ်
နိုဝင်ဘာ 27, 2019
By Tachileik News Agency

 တာချီလိတ် - ရန်ကုန် - တာချီလိတ် သို့ ပထမဆုံး တိုက်ရိုက်ပြေးဆွဲမည့် ယာဉ်လိုင်း စတင် 

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နှင့် ရန်ကုန်ကို ပထမဆုံး တိုက်ရိုက်ပြေးဆွဲမည့် ခရီးသည်တင်ယာဉ်လိုင်းကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၂၇)ရက်နေ့တွင် စတင်ဖွင့်လှစ်လိုက်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်းနှင့် ဌာနဆိုင်ရာများလည်း တက်ရောက်ဖွင့်လှစ်ပေးကြသည်ကို တွေ့ရသည်။

တာချီလိတ် - ကျိုင်းတုံ - နမ့်စန် - လွိုင်လင်(ပင်လုံ) - မိုင်းပွန် - ဟိုပုံး - တောင်ကြီး - ရန်ကုန် ခရီးစဉ်ကို လင်းယုန်မိုးကောင်းကင် အဆင့်မြင့်ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းနှင့် တာချီလိတ်ရှိ ရွှေရေကန်ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းတို့က ပူးပေါင်းစီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မော်တော်ယာဉ်လိုင်းသစ်ဖွင့်ပွဲအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်းနှင့် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင် အပါအဝင်  ဌာနဆိုင်ရာ တာဝန်ရှိသူများလည်း တက်ရောက်ကြသည်ကို တွေ့ရသည်။

တာချီလိတ်နှင့် ကျိုင်းတုံမှ ရန်ကုန်သို့သွားလာသူများအနေဖြင့် တောင်ကြီးမြို့မှတစ်ဆင့် ကားပြန်လည် စီးနင်းကြရခြင်းဖြစ်ရာ ယခုခရီးစဉ်မှာ တာချီလိတ်နှင့် ကျိုင်းတုံမှ ရန်ကုန်သို့ တိုက်ရိုက်ပြေးဆွဲမည့် ပထမဆုံးခရီးစဉ်ဖြစ်လာသည်။

တာချီလိတ် - ရန်ကုန်ခရီးစဉ်ကို နေ့စဉ်ပြေးဆွဲမည်ဖြစ်ပြီး တာချီလိတ်မှ ရန်ကုန်သို့ မော်တော်ယာဉ် ထွက်ခွာချိန် ညနေ (၆)နာရီနှင့် ရန်ကုန်မှ တာချီလိတ်သို့ မော်တော်ယာဉ်ထွက်ခွာချိန် ညနေ (၄)နာရီဖြစ်ကာ လမ်းခရီးမှာ နှစ်ရက်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန် - တာချီလိတ်ခရီးစဉ်အတွက် ယာဉ်စီးနင်းခ ကျပ် (၅၀၀၀၀) သတ်မှတ်ထားပြီး ကျိုင်းတုံမှ ရန်ကုန်ခရီးစဉ်အတွက် မော်တော်ယာဉ်စီးနင်းခ ကျပ် (၄၅၀၀၀) သတ်မှတ်ထားကြောင်းသိရသည်။

Tachileik News Agency
သတင်း၊ဓါတ်ပုံ - ကျော်ဇင်ဟိန်း

ဆက်စပ်သတင်း