တာချီလိတ်မြို့ အထကကျောင်းရှေ့ရှိ ရွှေညောင်ပင် ငွေလဲဆိုင် နှင့် ကျော် ကွမ်းယာဆိုင်သို့ တစ်ပတ်အတွင်း သွားလာခဲ့သူများ ဆေးရုံဟောင်းတွင် Covid-19 စစ်ဆေးရန် လိုအပ်

တာချီလိတ်မြို့ အထကကျောင်းရှေ့ရှိ ရွှေညောင်ပင် ငွေလဲဆိုင် နှင့် ကျော် ကွမ်းယာဆိုင်သို့ တစ်ပတ်အတွင်း သွားလာခဲ့သူများ ဆေးရုံဟောင်းတွင် Covid-19 စစ်ဆေးရန် လိုအပ်
ဇူလိုင် 28, 2021 | Covid-19| ရှမ်းရှေ့

တာချီလိတ်မြို့ အခြေခံပညာအထက်တန်းကျောင်း(တာချီလိတ်)ရှေ့ရှိ ပြည်သူ့ဆေးရုံ၏ သက်သာဆိုင်ခန်းတွင်  ဖွင့်လှစ်ထားသည့် ငွေလဲဆိုင် နှင့် ကွမ်းယာဆိုင်တို့တွင် Covid-19 ပိုးတွေ့သည့်အတွက် တစ်ပတ်အတွင်း အသွားအလာရှိခဲ့သူများအနေဖြင့် တာချီလိတ်ဆေးရုံဟောင်းတွင် Covid-19 လာရောက် စစ်ဆေးနိုင်ကြောင်း အသိပေးထားသည်။



ကျောင်းရှေ့က ဆိုင်တွေက လူသွား လူလာများတယ်။ ငွေလဲဆိုင်ရော ကျော်ကွမ်းယာဆိုင်ရော အဲ့ နှစ်ဆိုင်လုံးက နေ့စဉ် လူများတဲ့အတွက်ကြောင့် ဒီတစ်ပတ်အတွင်း ငွေလဲတာဖြစ်စေ၊ ကွမ်းယာဝယ်တာဖြစ်စေ ကိုဗစ် သံသယရှိရင်တော့ ဆေးရုံဟောင်းမှာ လာစစ်ဖို့ လိုပါတယ်။ ကိုဗစ် ကူးတာ မကူးတာက ရှက်စရာမဟုတ်ပါဘူး၊ ဒီမြို့အတွက် အမြန်ဆုံးထိန်းချုပ်နိုင်ဖို့ ထိတွေ့တွေကို သိထားတော့ ပိုကောင်းတာပေါ့ဗျာ

ဟု ဌာနဆိုင်ရာတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့  ဇူလိုင်လ(၂၈)ရက်နေ့တွင် ပြောသည်။

အထက(တာချီလိတ်)ကျောင်းရှေ့ရှိ ရွှေညောင်ပင်ငွေလဲဆိုင်မှ အသက်(၆၅)နှစ်၊ အသက်(၂၄)နှစ် နှင့် အသက်(၂၆)နှစ်အရွယ်များရှိ အမျိုးသမီး (၃)ဦး Covid-19 ကူးစက်ခံထားရကြောင်း ဇူလိုင်လ(၂၇)ရက်နေ့က စစ်ဆေးတွေ့ရှိရသလို ကျော် ကွမ်းယာ ဆိုင်မှ အသက်(၃၉)နှစ်အရွယ် အမျိုးသား နှင့် အသက်(၄၂)နှစ်အရွယ် အမျိုးသမီးတို့မှာ Covid-19 ကူးစက်ခံထားရကြောင်း ယနေ့ ဇူလိုင်လ(၂၈)ရက်နေ့တွင် စစ်ဆေးတွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့၏ Covid-19 တတိယလှိုင်းအတွင်း ၂၀၂၁ခုနှစ် ဇွန်လ(၂၈)ရက်နေ့မှ ဇူလိုင်လ(၂၈)ရက်နေ့အထိ Covid-19 ကူးစက်ခံထားရသူ (၁,၁၅၀)အထက်ရှိနေပြီး ဆေးရုံဆင်းခွင့်ရရှိသူမှာ (၅၀၀)ဝန်းကျင်ရှိသည်ဟု သိထားရပြီး သေဆုံးသူမှာ (၆)ဦးအထိ ရှိနေသည်။

#TachileikNewsAgency