တာလေမြို့အတွင်း တာချီလိတ် - တာလေလမ်းပိုင်းရှိ လားဟူတိုင်းရင်းသားကျေးရွာများကလည်း အခြားကျေးရွာများနည်းတူ လျှပ်စစ်မီး ရချင်

တာလေမြို့အတွင်း တာချီလိတ် - တာလေလမ်းပိုင်းရှိ လားဟူတိုင်းရင်းသားကျေးရွာများကလည်း အခြားကျေးရွာများနည်းတူ လျှပ်စစ်မီး ရချင်
ဖေဖော်ဝါရီ 20, 2022 | ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ တာလေမြို့၊ နားယောင်းကျေးရွာအုပ်စုအတွင်း ပန်ချီဟတ် နှင့် ဟွေခိုက်ရွာတို့တွင် လျှပ်စစ်မီး ရရှိရေးအတွက် သွယ်တန်းမှုများ ပြုလုပ်နေသည်ဖြစ်၍ အနီးအနားရှိ လားဟူတိုင်းရင်းသားရွာများကလည်း လျှပ်စစ်မီး ရချင်နေသည့်အတွက် သက်ဆိုင်ရာများ အနေဖြင့် ခွဲခြားမှုများ မပြုလုပ်စေလိုပဲ သွယ်တန်းပေးနိုင်ရန် ဒေသခံများက တောင်းဆိုနေကြသည်။

"ရွာတွေကို ကျော်ပြီး ပေးမယ်ဆိုရင်တော့ လူတိုင်းက ခွဲခြားတာလို့ပဲ ထင်နေကြတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မီးကြိုးက ကျွန်တော်တို့ ရွာလမ်းကနေ ဖြတ်ရတာပဲ။ အလယ်ရွာတွေက ကြည့်ပဲ ကြည့်နေရတယ်။ ကျွန်တော်တို့ ရွာတွေဘက် လျှပ်စစ်မီး သူများတွေလို ရချင်တယ်။ မီးလင်းရေးအနေနဲ့ ကျွန်တော်တို့ရွာတွေဘက် အားလုံး မီးရအောင် သက်သက်သာသာနဲ့ ဆောင်ရွက်ပေးစေလိုပါတယ်"ဟု ဒေသခံ တစ်ဦးက Tachileik News Agency သို့ ပြောသည်။

လျှပ်စစ်မီး ရရှိရေးအတွက် သွယ်တန်းမှုများ ပြုလုပ်နေသည့် ပန်ချီဟတ် နှင့် ဟွေခိုက်ရွာတို့သည် လျှပ်စစ်မီးမရရှိသေးသည့် ဝမ်ကောင်းရွာ နှင့် နားအွန် လားဟူတိုင်းရင်းသားရွာများ အနီးတွင်ရှိကြောင်း သိရသည်။



တာလေမြို့ရှိ ကျေးရွာများတွင် လျှပ်စစ်မီး မရရှိသည့် ကျေးရွာများမှာ ဆိုလာစနစ်ကို သုံးနေရပြီး ရေချောင်းရှိပါက ရေအားလျှပ်စစ်ပြုလုပ်ကာ လျှပ်စစ်မီး အသုံးပြုရသည်များရှိပြီး နွေရာသီတွင် ချောင်းရေခမ်းပါက အခက်တွေ့စေပြီး ငွေကြေးတတ်နိုင်သူများကတော့ မီးစက်ဝယ်သုံးသည်ဟု သိရသည်။ 

တာလေမြို့တွင် အစိုးရမီးဟုခေါ်သည့် EPC မီးမှာ တာလေမြို့တခုလုံးမှာမှ ဌာနဆိုင်ရာအများအပြားရှိသည့် ရပ်ကွက်(၃)တစ်ခုတည်းသာ လျှပ်စစ်မီး ရရှိထားပြီး အဆိုပါ လျှပ်စစ်မီးမှာလည်း နေ့စဉ် ည(၆)နာရီမှ ည(၉)နာရီအထိသာ ရရှိကြောင်း သိရသည်။



တာလေနှင့်ကျိုင်းလပ်မြို့တို့တွင် လျှပ်စစ်မီးဖြန်းဖြုးရေးအတွက်  ရှင်းလုံထုတ်လုပ်မှု ကုမ္ပဏီလီမိတက်( Shin Lon Maunfacturing Co.,Ltd ) နှင့် လာအိုနိုင်ငံ Mekhong Concrete And Meterials Co.,Ltd တို့က တာဝန်ယူကာ ရယူထားပြီး မီတာတပ်ဆင်ရန်အတွက် ကုန်ကျမှုအဖြစ် ထိုင်းဘတ်ငွေ (၂၅,၀၀၀) သတ်မှတ်ထားပြီး ဘတ်(၁၀,၀၀၀)ကို အရင်ပေးချေကာ ကျန်ငွေများကို တစ်လ ဘတ်(၅,၀၀၀)သွင်းရန် သတ်မှတ်ထားသည်ဟု သိရသည်။ 

"ရွာကလူတွေက ယူချင်ပေမဲ့ မီးလင်းရေးရဲ့ သတ်မှတ်နှုန်းက များတော့ မတတ်နိုင်ကြသူတွေလည်း များတယ်။ ဈေးလျှော့ပြီး လုပ်ပေးရင် တတ်နိုင်ကြမှာပါ။ အဲ့ဒါဆိုရင် အားလုံး လျှပ်စစ်မီးရနိုင်တယ်"ဟု တာလေဒေသခံ တစ်ဦးက ပြောသည်။ 

လာအိုနိုင်ငံက ရယူသည့် လျှပ်စစ်ဓါတ်အား (၅)မီဂါဝပ် နှင့် ပတ်သက်၍ ရှင်းလုံထုတ်လုပ်မှု ကုမ္ပဏီလီမိတက်( Shin Lon Maunfacturing Co.,Ltd ) နှင့် လာအိုနိုင်ငံ Mekhong Concrete And Meterials Co.,Ltd တို့က ရရှိလာသည့် အကျိုးအမြတ် (၅၀)ရာခိုင်နှုန်းစီ အညီအမျှခွဲဝေသည့် သဘောတူညီမှာကို ၂၀၁၆ခုနှစ် ဒီဇင်ဘာလ(၁)ရက်နေ့က စာချုပ် ချုပ်ဆိုခဲ့ပြီး   လျှပ်စစ်မီးစတင်ဖြန့်ဖြူးခြင်းအဖြစ်   ၂၀၁၇ခုနှစ် မတ်လ(၂၆)ရက်နေ့က ကျိုင်းလပ်မြို့တွင် ဖွင့်ပွဲ ပြုလုပ်ကာ လျှပ်စစ်မီး ဖြန့်ဖြူးခဲ့သည်မှာ (၅)နှစ်ကြာပြီဖြစ်သော်လည်း တာလေမြို့တခုလုံးကို လျှပ်စစ်မီး လုံလောက်စွာ မပေးနိုင်သေးကြောင်း သိရသည်။