တန့်ယန်းမြို့တွင် လူသတ်အလောင်းဖျောက်ကာ ခြိမ်းခြောက်ငွေတောင်းခံသည့် ဘုန်းကြီးနှင့် အမျိုးသား တစ်ဦးကို ဖမ်းမိ

တန့်ယန်းမြို့တွင် လူသတ်အလောင်းဖျောက်ကာ ခြိမ်းခြောက်ငွေတောင်းခံသည့် ဘုန်းကြီးနှင့် အမျိုးသား တစ်ဦးကို ဖမ်းမိ
နိုဝင်ဘာ 27, 2019
By Tachileik News Agency
တန့်ယန်းမြို့တွင် လူသတ်အလောင်းဖျောက်ကာ ခြိမ်းခြောက်ငွေတောင်းခံသည့် 
ဘုန်းကြီးနှင့် အမျိုးသား တစ်ဦးကို ဖမ်းမိ

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့သို့ ရောက်နေသည့် ကျောက်ပန်းတောင်းမှ လုပ်ငန်းရှင်ကို သတ်ပြီး ကျန်ခဲ့သည့် မိသားစုထံ ခြိမ်းခြောက်ငွေတောင်းခံသည့် ခရီးသွားဖေါ် ဘုန်းကြီးတစ်ပါးနှင့် အမျိုးသားတစ်ဦးတို့ကို ရဲတပ်ဖွဲ့က ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၂၅) ရက်နေ့တွင် ဖေါ်ထုတ်ဖမ်းဆီးထားနိုင်ပြီဖြစ်ကြောင်း သိရသည်။

သေဆုံးသွားသည့် လုပ်ငန်းရှင်၏ ဇနီးဖြစ်သူထံ လုပ်ငန်းရှင်နှင့်ခရီးသွားဖေါ် ဘုန်းကြီးဖြစ်သူ ဥူးဝိသုဒ္ဓလင်္ကာရ (ခ) ခေမာသီရိ (ခ) ဖိုးခွားက နိုဝင်ဘာလ (၂၂) ရက်နေ့တွင် ဖုန်းဖြင့် ဆက်သွယ်၍ ငွေကျပ်သိန်း (၃၅ဝ) ပို့ပေးရန်နှင့် မပို့ပေးပါက ခင်ပွန်းဖြစ်သူအား သတ်ပစ်မည်ဟု ခြိမ်းခြောက်ငွေတောင်းခံခဲ့ကြောင်း တိုင်ကြားလာသဖြင့် တန့်ယန်းမြို့မရဲစခန်းတွင် (ပ) ၆၈/၂ဝ၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၈၇ ဖြင့် အမှုဖွင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဥူးဝိသုဒ္ဓလင်္ကာရ (ခ) ခေမာသီရိ (ခ) ဖိုးခွားအား ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးရာ နိုဝင်ဘာလ (၂၂) ရက်နေ့တွင် ဟိုပန်မြို့၊ တောင်တန်းသာသနာပြုကျောင်းတိုက်၌ ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးဖေါ်ထုတ်ချက်အရ ဦးခိုင်ဇော်ဝင်း (ခ) ဦးနေရှိုင်း၏အလောင်းကို နိုဝင်ဘာလ (၂၅)ရက်နေ့၌ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အသတ်ခံရသည့် အသက် (၃၈)နှစ်အရွယ် လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးခိုင်ဇော်ဝင်း (ခ) ဦးနေရှိုင်းသည် နိုဝင်ဘာလ (၁၈) ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့၊ ဈေးကွက်(၁)ရပ်ကွက် နေအိမ်၌ရှိနေခဲ့စဉ် လွန်ခဲ့သည့်တစ်လဝန်းကျင်က ခင်မင်ရင်းနှီးခဲ့သည့် ဥူးဝိသုဒ္ဓလင်္ကာရ (ခ) ခေမာသီရိ (ခ) ဖိုးခွားက ဖုန်းဆက်၍ တရုတ်ပြည်နယ်စပ်သို့ အလည်သွားမည်ဟု ခေါ်ဆောင်သဖြင့် ယင်းနေ့ ညနေ (၄) နာရီခွဲခန့်တွင် ဦးဟန်သိန်းနှင့်အတူ မော်တော်ယာဉ်ဖြင့် ထွက်ခွာသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဦးခိုင်ဇော်ဝင်း (ခ) ဦးနေရှိုင်းသည် နိုဝင်ဘာလ (၁၉) ရက်နေ့၌ တန့်ယန်းရောက်သွားပြီးနောက် မိသားစုနှင့် အဆက်အသွယ် မရတော့သဖြင့် တွေ့ရှိပါက အကြောင်းကြားပေးပါရန် ၎င်း၏မိသားစုက လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားဖြန့်ဝေလာသည်ကို တွေ့ခဲ့ရသည်။

ယင်းနောက် နိုဝင်ဘာလ (၂၂)ရက်နေ့တွင် ကျန်ခဲ့သည့်မိသားစုထံ ခြိမ်းခြောက်ငွေတောင်းခံရသဖြင့် တန့်ယန်းမြို့မ ရဲစခန်းတွင် အမှုဖွင့်စစ်ဆေးခဲ့ပြီးနောက် ဖမ်းဆီးရမိသည့် ဥူးဝိသုဒ္ဓလင်္ကာရ (ခ) ခေမာသီရိ (ခ) ဖိုးခွားအား စစ်ဆေးဖေါ်ထုတ်ချက်အရ နိုဝင်ဘာလ (၁၉) ရက်နေ့တွင် တန့်ယန်းမြို့ရှိ ဟိုတယ်တစ်ခု၌ တည်းခိုစဉ် ဦးခိုင်ဇော်ဝင်း(ခ)ဦးနေရှိုင်းမှာ ကိုက်ခဲနေကြောင်းပြောသဖြင့် ဥူးဝိသုဒ္ဓလင်္ကာရက ဆေးထိုးပေးရာ ခဏအကြာတွင် ဦးခိုင်ဇော်ဝင်း (ခ) ဦးနေရှိုင်းသည် ကြမ်းပြင်တွင် မှောက်လျက်ကျကာ ပါးစပ်မှ အမြှုပ်နှင့်သွေးစများ ထွက်နေပြီး သေဆုံးသွားခြင်းဖြစ်သည်ဟု သိရသည်။

သေဆုံးသွားသည့် ဦးခိုင်ဇော်ဝင်း(ခ)ဦးနေရှိုင်းအား ဥူးဝိသုဒ္ဓလင်္ကာရနှင့် ဦးဟန်သိန်းတို့က ကားနောက်ခန်းတွင်ထည့်၍ ပန်ဆန်းမြို့သို့ ထွက်ခွာလာပြီး နိုဝင်ဘာလ (၂၀) ရက်နေ့ နံနက်တွင် မက်မန်းဆိုင်သို့ မရောက်မီ ရေအားလျှပ်စစ်တံတားအလွန် (၃) မိုင်ခန့်အကွာ တောင်ပတ်လမ်းဘေး၌ အလောင်းကို ပစ်ထားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ဥူးဝိသုဒ္ဓလင်္ကာရနှင့် ဦးဟန်သိန်းတို့က တန့်ယန်းမြို့ဘက်သို့ ပြန်လည်မောင်းနှင်ခဲ့ပြီးနောက် နိုဝင်ဘာလ (၂၁) ရက်နေ့ နံနက် (၉) နာရီခန့်တွင် လားရှိုးမြို့သို့ ရောက်ရှိပြီး ဦးခိုင်ဇော်ဝင်း(ခ)ဦးနေရှိုင်း၏ ဇနီးဖြစ်သူ မအောင်ဌေးညွန့်ထံ ဖုန်းဆက်၍ ၎င်းတို့သည် အဖွဲ့အစည်းတစ်ခုမှ မိသားစုအား ကားတိုက်မိ၍ ဖမ်းဆီးခံထားရသဖြင့် ငွေကျပ်သိန်း (၃၅၀) ပေးရမည်ဖြစ်ကြောင်းနှင့် ငွေမပို့ပါက အဖွဲ့အစည်းမှ ဦးခိုင်ဇော်ဝင်း (ခ) ဦးနေရှိုင်းအား သတ်ပစ်မည်ဟုပြောဆို ခြောက်လှန့်ငွေတောင်းခံခဲ့ကြောင်း သိရသည်။

ဦးခိုင်ဇော်ဝင်း(ခ)ဦးနေရှိုင်းကိုသတ်ပြီး အလောင်းဖျောက်ဖျက်ခဲ့ကာ ငွေခြိမ်းခြောက်တောင်းခံခဲ့သည့် ဥူးဝိသုဒ္ဓလင်္ကာရ (ခ) ခေမာသီရိ (ခ) ဖိုးခွားနှင့် ဟန်သိန်းတို့အား တန့်ယန်းမြို့မရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၈၇ မှ ၃၀၂/ ၃၈၇/၂၀၁/၁၁၄ သို့ အမှုပြောင်းလဲဖွင့်လှစ် အရေးယူဆောင်ရွက်နေကြောင်း သိရသည်။

Tachileik News Agency

ဆက်စပ်သတင်း



~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~