လင်မယားရန်ဖြစ်သည်ဟုဆိုကာ ရပ်ကွက်ရုံးက ခေါ်ယူရိုက်နှက်ခံရသူ သေဆုံးမှု တရားမျှတမှုရရေး တိုင်ကြားလိုသော်လည်း မိသားစုဝင်များ စိုးရိမ်ထိတ်လန့်နေ

မြောက်ဥက္ကလာပမြို့နယ် ဌ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးက ရိုက်နှက်လိုက်သည့် ဒဏ်ရာများ
မြောက်ဥက္ကလာပမြို့နယ် ဌ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးက ရိုက်နှက်လိုက်သည့် ဒဏ်ရာများ
လင်မယားရန်ဖြစ်သည်ဟုဆိုကာ ရပ်ကွက်ရုံးက ခေါ်ယူရိုက်နှက်ခံရသူ သေဆုံးမှု တရားမျှတမှုရရေး တိုင်ကြားလိုသော်လည်း မိသားစုဝင်များ စိုးရိမ်ထိတ်လန့်နေ
By Tachileik News Agency

ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ် ဌ ရပ်ကွက်တွင်နေထိုင်သည့် အမျိုးသားတစ်ဦးကို လင်မယားရန်ဖြစ်မှုဖြင့် ရပ်ကွက်ရုံးက ခေါ်ယူရိုက်နှက်ခံရပြီးနောက် သေဆုံးသွားသော်လည်း မိသားစုဝင်များမှာ အဆိုပါအကြောင်းအရာကို ထုတ်ဖေါ်ပြောကြားရန်ကိုပင် ကြောက်ရွံ့နေကြကြောင်း သိရသည်။

လင်မယားရန်ဖြစ်လို့ တိုင်တာကို ရပ်ကွက်ရုံးက ခေါ်သွားပြီး ရိုက်နှက်လွှတ်လိုက်တာ။ ဒဏ်ရာတွေက အတော်ပြင်းတယ်။ သူတို့မိသားစုတွေက အေးအေးဆေးဆေးနေကြတာ စိုးရိမ်တတ်ကြတော့ အဲလိုအရိုက်ခံရတာကို တိုင်တာတောတာ မလုပ်ကြပါဘူး။ သူတို့ဘာသာ ဆေးခန်းပြ ဆေးကုနေကြတာ။ ဒီနေ့တော့ ဆေးရုံမှာ ဆုံးသွားသတဲ့။ အရိုက်ခံရတဲ့ဒဏ်ရာတွေက ကြွက်သားတွေစုတ်ပြတ်သွားပြီး အဲဒီဒဏ်ကြောင့် ဆုံးရတာလို့တော့ ဆရာဝန်မှတ်ချက်ချတယ်ပြောတယ်။ တိုင်တယ်ဆိုရင်တောင် ရပ်ကွက်ရုံးက ဖြေရှင်းပေးရမှာ ဒီလို ရိုက်နှက်ခွင့်ရှိတာမှမဟုတ်တာ။ မတရားခံရပေမဲ့ ဒီခေတ်ဆိုးကြီးထဲမယ် မတရားခံရကြောင်းပြောရမှာတောင် သူတို့မိသားစုတွေလည်း ကြောက်နေကြတာ။ တစ်ပူက နှစ်ပူမဖြစ်ချင်ကြဘူးပေါ့။ အခုတောင် သူ့သားစိတ်နဲ့ သူ့အမေက အိပ်ရာထဲလဲနေပြီ။

ဟု အဆိုပါမိသားစုဝင်နဲ့ နီးစပ်သူတစ်ဦးက တာချီလိတ်သတင်းဌာနကို အတည်ပြုပြောကြားသည်။

ကိုအောင်ဖြိုးဝေအား ၂၀၂၃ ခုနှစ် ဧပြီလ (၇)ရက်နေ့ နေ့လယ် (၂)နာရီခွဲဝန်းကျင်တွင် မြောက်ဥက္ကလာပမြို့နယ် ဌ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ လူနှစ်ယောက်က ကိုအောင်ဖြိုးဝေ၏အမျိုးသမီး၏ တိုင်ကြားချက်အရဟုဆိုကာ ခေါ်သွားကြခြင်းဖြစ်ပြီး ညနေ (၅)နာရီဝန်းကျင်တွင် ကိုအောင်ဖြိုးဝေ၏ အစ်မဖြစ်သူက ရပ်ကွက်ရုံးသို့ လိုက်သွားကာ ပြန်ခေါ်လာခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

အဲဒီနေ့က ရပ်ကွက်ရုံးမှာ ၃ နာရီလောက်ပဲကြာတာ။ အိမ်က သွားပြန်ခေါ်လာတော့ ကိုဖိုးအောင်မှာ အရိုက်ခံထားရတဲ့ ဒဏ်ရာတွေက မနည်းဘူး။ ကျောမှာဆို ဘေးကိုအဖုကြီးထွက်နေပြီ။ ခြေဖဝါးတွေလည်း ကောင်းကောင်းမထောက်နိုင်ဘူး။ သူ့ကို ဝါယာကြိုးတွေပူးခေါက်ပြီးရိုက်၊ ဖိနပ်တွေနဲ့ တက်နင်းလုပ်ကြတယ်တဲ့။ သူကလည်း မအော်တော့ မအော်လေ ရိုက်လေ ရိုက်ကြတယ်ပြောတယ်။ သူ့အမေလည်း သူ့စိတ်နဲ့နေမကောင်းဖြစ်တော့ ကိုဖိုးအောင်လည်း အတော်ဝမ်းနည်းသွားပုံရတယ်။ သူအရက်မသောက်တော့ဘူးဆိုပြီး ဆရာဝန်နဲ့ ကုနေတာကြတာ။ သူ့ဒဏ်ရာတွေက အချိန်အတော်ယူရမယ်လို့လည်း ဆရာဝန်က ပြောသတဲ့

ဟု ကိုအောင်ဖြိုးဝေ၏ မိတ်ဆွေတစ်ဦးက တာချီလိတ်သတင်းဌာနကို ပြောသည်။

ကိုအောင်ဖြိုးဝေအား ရပ်ကွက်ရုံးက ခေါ်သွားပြီး ရိုက်နှက်ကြောင်းကို ဧပြီလ (၁၁)ရက်နေ့တွင် မိသားစုဝင်တစ်ဦးက လူမှုကွန်ယက်တွင် ရေးသားခဲ့ပြီး နောက်နှစ်ရက်အကြာ ဧပြီလ(၁၃))ရက်နေ့တွင် သေဆုံးသွားပြီဖြစ်ကြောင်း ထပ်မံ၍ရေးသားလာသည်ကို တွေ့ခဲ့ရသော်လည်း မကြာမီတွင် အဆိုပါပို့စ်အားလုံးအား friend only အဖြစ် ကန့်သတ်လိုက်သည့်အပြင် မေးမြန်းမှုများအား မဖြေကြားလိုကြောင်း ရေးသားလာသည်ကို တွေ့ရသည်။

အဆိုပါပို့စ်အောက်တွင် ရပ်ကွက်ရုံးများက ရိုက်နှက်မှုများရှိကြောင်း ရေးသားထားကြသည်ကိုလည်း တွေ့ရသည်။

ရပ်ကွက်ရုံးက ဒီလိုမတရားလုပ်တာကို အရေးယူမလား ကြည့်ရမှာပဲ။ အရေးမယူနိုင်ရင် သက်ဆိုင်ရာတွေက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေကို ဒီလိုတွေ ရိုက်နှက်ခွင့်ပေးထားတာလား။ လက်လွတ်စပယ် သူတို့လုပ်ချင်တာလုပ်ဖို့ ခွင့်ပြုပေးထားကြတာလားလို့ မေးရမှာပဲ

ဟု ဒေသခံတစ်ဦးက ဆိုသည်။

၎င်းတို့ရိုက်နှက်လိုက်သည့် ကိုအောင်ဖြိုးဝေ သေဆုံးမှုနှင့်ပတ်သက်၍ မြောက်ဥက္ကလာပမြို့နယ် ဌ ရပ်ကွက်ဥက္ကဌ အောင်မြင့်ကျော်က မိသားစုဝင်များအား ဆက်သွယ်ကာ တောင်းပန်လိုကြောင်း ပြောကြားသည်ကို မိသားစုအနေဖြင့် လက်မခံကြောင်း နီးစပ်သူများထံမှ သိရသော်လည်း မိသားစုဝင်များအား သတင်းဌာနအနေဖြင့် အဆက်အသွယ်ရရန် ကြိုးစားသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိပါ။

လက်ရှိတွင် ကိုအောင်ဖြိုးဝေ၏ အသက် (၇၀)အရွယ်မိခင်ဖြစ်သူမှာ သားဖြစ်သူ၏အဖြစ်အပျက်ကြောင့် ကျန်းမာရေးထိခိုက်သွားသဖြင့် ကုသနေရကြောင်း သိရသည်။

အဆိုပါ မြောက်ဥက္ကလာပမြို့နယ် ဌ ရပ်ကွက်ဥက္ကဌ အောင်မြင့်ကျော်သည် ရပ်ကွက်တွင်း ကျူးကျော်နေရာများအား အကွက်ရိုက်ရောင်းစားသူဟုလည်း နာမည်ကြီးသူဖြစ်သည်ဟုသိရပြီး အဆိုပါရပ်ကွက်၏ ရာအိမ်မှူး စိုးစိုးမှာလည်း စစ်ကောင်စီအား ဆန့်ကျင်သူများအား ဖမ်းဆီးရေး တက်ကြွစွာလုပ်ဆောင်သူအဖြစ် နာမည်ကြီးကာ စစ်ကောင်စီပေးသည့် ရဲဗလဆု ရရှိခဲ့သူဖြစ်သည်။

စစ်အာဏာသိမ်းထားသည့်ကာလအတွင်း မှုခင်းဖြစ်ပွားမှုများ၊ လူ့အခွင့်အရေးချိုးဖေါက်မှုများ နိုင်ငံတဝန်းဖြစ်ပွားမှု မြင့်တက်လာပြီး ပြည်သူများအနေဖြင့် တရားဥပဒေအရ အကာအကွယ်မရကြသည့်အခြေအနေများ ကြုံတွေ့နေကြရခြင်းဖြစ်သည်။