ထိုင်းနိုင်ငံတွင် ကျင်းပမည့် Cyber SEA Games ပြိုင်ပွဲသို့ သွားရောက် ယှဉ်ပြိုင်သည့် (၄)ဦးတွင် တာချီလိတ်မှ ပါဝင်

ထိုင်းနိုင်ငံတွင် ကျင်းပမည့် Cyber SEA Games ပြိုင်ပွဲသို့ သွားရောက် ယှဉ်ပြိုင်သည့် (၄)ဦးတွင် တာချီလိတ်မှ ပါဝင်
နိုဝင်ဘာ 19, 2019
By Tachileik News Agency
 ထိုင်းနိုင်ငံတွင် ကျင်းပမည့် Cyber SEA Games ပြိုင်ပွဲသို့ သွားရောက် ယှဉ်ပြိုင်သည့် (၄)ဦးတွင် တာချီလိတ်မှ ပါဝင်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပပြုလုပ်မည့် ASEAN JAPAN Cyber SEA Games 2019 ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်  မြန်မာနိုင်ငံ ကိုယ်စားပြုအသင်းသည် နိုဝင်ဘာလ(၁၉)ရက်နေ့ နံနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ တဆင့် ထွက်ခွာသွားကြရာတွင် ပြိုင်ပွဲဝင် (၄)ဦးထဲ၌ တာချီလိတ်မှ ပါဝင်ကြောင်း သိရသည်။

ပြိုင်ပွဲအား ၂၀၁၉ခုနှစ် နိုဝင်ဘာလ(၂၁)ရက်နေ့ နံနက်(၁၀)နာရီမှ ည(၆)နာရီအထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး  အာဆီယံနိုင်ငံမှ နိုင်ငံကိုယ်စားပြု လက်ရွေးစင် အသင်း(၁၀)သင်း ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်းသိရသည်။

မြန်မာနိုင်ငံကိုယ်စားပြုအသင်းတွင် Myanmar Cyber Security Challenge 2019 (အလွတ်တန်းအဆင့်) ပြိုင်ပွဲမှ ဆုရရှိခဲ့ကြသူများဖြစ်ကြသည့် မောင်စိုင်းဖုန်းဆိုင်ကျောက်၊ မောင်အောင်ခန့်မင်း၊ မောင်သူရမိုးမြင့်နှင့် မောင်ဟိန်းသန့်ဇင်တို့ ဖြစ်ပြီး ၎င်း(၄)ဦးတွင် မောင်သူရမိုးမြင့်သည် ကျိုင်းတုံကွန်ပျူတာတက္ကသိုလ်တွင် တက်ရောက်နေသူဖြစ်ပြီး တာချီလိတ်မြို့တွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။

"(၈)လပိုင်းတုန်းက မြန်မာမှာ ပြိုင်တာ ပထမရလို့ ဘန်ကောက်သွားပြိုင်ရတာ၊ ဘန်ကောက်ပြီးရင်လည်း ဗီယက်နမ်မှာ သွားပြိုင်ရဦးမှာ၊ တာချီလိတ်မှာ နေတဲ့ ကလေးပေမဲ့ မညံ့ဘူးလို့ ပြောချင်ပါတယ်၊ သားအတွက် ဂုဏ်ယူပါတယ်၊ "ဟု မောင်သူရမိုးမြင့်၏ မိခင်ဖြစ်သူဒေါ်တင်မမထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ထိုင်းနိုင်ငံတွင် (၄)ကြိမ်မြောက်အဖြစ် ကျင်းပမည့် Cyber SEA Game ၏ ပြိုင်ပွဲ ပုံစံသည်  Jeopardy CTF ပုံစံဖြစ်ကြောင်းနှင့်  ပြိုင်ပွဲဝင်များသည် သတ်မှတ်အချိန်တိုအတွင်း ဆိုင်ဘာလုံခြုံရေး နှင့် သက်ဆိုင်သည့် Binary Exploitation၊ Web Security၊ Reverse Engineering၊ Cryptography နှင့် Forensics ကဏ္ဍများကို ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။ 

Tachileik News Agency
ဓါတ်ပုံ - MMCERT

ပုံအညွှန်း - ဘန်ကောက်သို့ သွားရန် လေဆိပ်မှ ထွက်ခွာသည့် ပုံနှင့်  ပြီးခဲ့သည့် ပြိုင်ပွဲပုံများ

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net