ချောက်မြို့အခြေစိုက် ခလရ ၁၃ စစ်ကြောရေးတွင် ဂွေးပင်ရွာမှ ညီအစ်ကို (၃)ဦးအား ဖမ်းထားပြီး ညှင်းပန်းနှိပ်စက်မှုကြောင့် တစ်ညအကြာတွင် တစ်ဦး သေဆုံး

ချောက်မြို့အခြေစိုက် ခလရ ၁၃ စစ်ကြောရေးတွင် ဂွေးပင်ရွာမှ ညီအစ်ကို (၃)ဦးအား ဖမ်းထားပြီး ညှင်းပန်းနှိပ်စက်မှုကြောင့် တစ်ညအကြာတွင် တစ်ဦး သေဆုံး

မကွေးတိုင်းဒေသကြီး ချောက်မြို့နယ်၊ ဂွေးပင်ကျေးရွာမှ ညီအစ်ကို (၃) ဦးကို အာဏာသိမ်းစစ်ကောင်စီ၏ စစ်တပ်နှင့်ရဲအဖွဲ့က နေအိမ်ကနေ ဖမ်းဆီးကာ စစ်ကြောရေးခေါ်သွားပြီး တစ်ညအကြာဖြစ်သည့် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၁) ရက်နေ့တွင် (၁) ဦး၏ အရိုးပြာကို မိသားစုထံ ပြန်ပို့လာကြောင်း သိရသည်။

အရိုးပြာပဲ ပို့လာတယ်လို့ သိရတယ်။ ကျန်တဲ့နှစ်ယောက်လည်း ခလရ ၁၃ မှာပဲ ရှိသေးတယ်။ အခြေအနေတော့ မသိရသေးဘူး။  PDF ထောက်ပံ့တယ်ဆိုပြီး စွပ်စွဲပြီးဖမ်းသွားတာလို့ ကြားတယ်။ ဖမ်းတဲ့နေ့ကလည်း ရိုက်နှက်ဖမ်းသွားတာ။ အိမ်ကိုရှာဖွေပြီး အိမ်မှာချိတ်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည် ပန်းချီကားတို့ NLD အလံတို့ကိုလည်း ဖျက်ဆီးသွားတယ်။

ဟု ယုံကြည်ရသည့် သတင်းရင်းမြစ်တစ်ဦးက Tachileik News Agency သို့ နိုဝင်ဘာလ(၁)ရက်နေ့တွင် ပြောသည်။

သေဆုံးသွားသူမှာ ထွန်းလင်းဇဗ္ဗူဘော်ဒါအုပ် ကိုဖြိုးဝေထွန်းဖြစ်ပြီး ညီအစ်ကိုနှစ်ဦးဖြစ်သည့် ကိုဘုန်းဝေထွန်း၊ ကိုရှိုးဝေထွန်းတို့နှင့်အတူ အောက်တိုဘာလ (၃၀) ရက်နေ့ည (၁၂) နာရီဝန်းကျင်တွင် ဂွေးပင်ကျေးရွာရှိ နေအိမ်တွင် အာဏာသိမ်းစစ်တပ်၏ ချောက်မြို့အခြေစိုက် ခလရ ၁၃ မှ အင်အားနှင့် ရဲတို့ပါဝင်သည့်အဖွဲ့က  အကြမ်းဖက်ရိုက်နှက်ဖျက်ဆီး ဖမ်းဆီးခေါ်ဆောင်ခံရခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးခံရသည့် ညီအစ်ကို (၃) ဦးအနက် ကိုဖြိုးဝေထွန်းမှာ ချောက်မြို့အခြေစိုက် ခလရ ၁၃ စစ်ကြောရေးတွင် သေဆုံးသွားပြီဖြစ်ကြောင်း ယနေ့ နိုဝင်ဘာလ (၁) ရက်နေ့ နံနက်ပိုင်းတွင် မိသားစုထံ လာအကြောင်းကြားပြီး အလောင်းမအပ်ဘဲ အရိုးပြာအိုးကိုသာ ပေးသွားခြင်းဖြစ်ကာ ကျန်(၂) ဦးအခြေအနေကိုလည်း အသိမပေးကြောင်း သိရသည်။

သေဆုံးသွားသည့် ကိုဖြိုးဝေထွန်းတွင် (၂) နှစ်ဝန်းကျင် ကလေးငယ်နှင့်ဇနီးကျန်ခဲ့ကြောင်း သိရသည်။

အာဏာသိမ်းပြီးနောက်ပိုင်းတွင်  အာဏာသိမ်းစစ်တပ်က နေအိမ်မှဖမ်းဆီးသွားပြီး စစ်ကြောရေးတွင်  ညှင်းပန်းနှိပ်စက်ခံရကာ သေဆုံးရသူ အများအပြားရှိနေပြီး အာဏာသိမ်းတပ်က ၎င်းတို့ညှင်းပန်းနှိပ်စက်မှုများကို ဖုံးကွယ်ရန်အတွက် ယင်းကဲ့သို့ သေဆုံးရသူများ၏ ရုပ်အလောင်းများကို မိသားစုထံပြန်မအပ်ဘဲ အရိုးပြာကိုသာ ပေးပို့ခြင်း၊ မိသားစုကို အကြောင်းကြားခြင်းများကိုသာ လုပ်ဆောင်နေသည်ကို တွေ့ရသည်။



 

ချယ်ရီထိုက် (အင်မိုင်ခ)သည် Tachileik News Agency ၏ စီမံခန့်ခွဲမှုအယ်ဒီတာချုပ်ဖြစ်သည်။