ရွှေဘို - မြစ်ကြီးနားသွား ကားလမ်းပေါ်တွင် ယာဉ်၏ ကားဘီးအပိုထဲက မူးယစ်ဆေးဝါးများ တွေ့ရှိ

ရွှေဘို - မြစ်ကြီးနားသွား ကားလမ်းပေါ်တွင် ယာဉ်၏ ကားဘီးအပိုထဲက မူးယစ်ဆေးဝါးများ တွေ့ရှိ
နိုဝင်ဘာ 22, 2019
By Tachileik News Agency

ရွှေဘို - မြစ်ကြီးနားသွား ကားလမ်းပေါ်တွင် အင်းတော်ဘက်မှ ဖားကန့်ဘက်သို့ မောင်းလာသည့် မောင်တော်ယာဉ်၏ ကားဘီးအပိုအတွင်းထဲက မူးယစ်ဆေးဝါးများ ရှာဖွေတွေ့ရှိရ၍ အမှုဖွင့်ဆောင်ရွက်ထားကြောင်း သိရသည်။

အင်းတော်မြို့နယ်၊ စင့်ဟောင်ကျေးရွာအနီး ရွှေဘို - မြစ်ကြီးနား ကားလမ်းပေါ်တွင် အင်းတော်ဘက်မှ ဖားကန့်ဘက်သို့ ရှီကျုံဝှမ် (ခ) အားကျုံး မောင်းလာပြီး ဟန်ဝင်းအောင် (ခ) ဖန့်သီး လိုက်ပါလာသည့် မော်တော်ယာဉ်အား မူးယစ်တပ်ဖွဲ့စု(၆)ကသာ နှင့် ပူးပေါင်းအဖွဲ့မှ ၂၀၁၉ခုနှစ် နိုဝင်ဘာလ(၂၁)ရက်နေ့ ညနေ(၃)နာရီဝန်းအချိန်က ရပ်တန့်ရှာဖွေ စစ်ဆေးကြကြောင်း သိရသည်။

စုပေါင်းရှာဖွေရာတွင် ယာဉ်အတွင်းမှ တရားမဝင်ပစ္စည်းနှင့် ပတ်သက်၍ တစ်စုံတစ်ရာတွေ့ရှိရခြင်းမရှိသော်လည်း ယာဉ်တွင် အပိုပါသည့် ကားဘီးအား စစ်ဆေးရာမှ ကားဘီးအတွင်းထဲက ဘိန်းဆီခဲ(၇.၅)ကီလို၊ အိုက်စ်(၂.၇)ကီလိုတို့ကို ရှာဖွေတွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့် အသက်(၂၇)နှစ်ရှိ ရှီကျုံဝှမ် (ခ) အားကျုံး နှင့် အသက် (၂၇)နှစ်ရှိ  ဟန်ဝင်းအောင် (ခ) ဖန့်သီးတို့အား အင်းတော်မြို့မရဲစခန်းတွင်  အမှုဖွင့်စစ်ဆေးနေပြီး ကွင်းဆက်စစ်ဆေး ဖော်ထုတ်နေလျက်ရှိကြောင်း သိရှိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net