တာချီလိတ်မြို့ ချစ်ကြည်ရေး အမှတ်(၁)တံတားထိပ်ရှိ သစ်ပင်ခြောက်များကို နိုဝင်ဘာလ(၂၄)ရက်နေ့၌ ထိုင်းစည်ပင်မှ လာရောက် ရှင်းလင်းပေးချိန် လိုအပ်မှ လျှပ်စစ်မီး ဖြတ်တောက်မည်

တာချီလိတ်မြို့ ချစ်ကြည်ရေး အမှတ်(၁)တံတားထိပ်ရှိ သစ်ပင်ခြောက်များကို နိုဝင်ဘာလ(၂၄)ရက်နေ့၌ ထိုင်းစည်ပင်မှ လာရောက် ရှင်းလင်းပေးချိန် လိုအပ်မှ လျှပ်စစ်မီး ဖြတ်တောက်မည်
နိုဝင်ဘာ 23, 2019
By Tachileik News Agency
တာချီလိတ်မြို့ ချစ်ကြည်ရေး အမှတ်(၁)တံတားထိပ်ရှိ သစ်ပင်ခြောက်များကို နိုဝင်ဘာလ(၂၄)ရက်နေ့၌ ထိုင်းစည်ပင်မှ လာရောက် ရှင်းလင်းပေးချိန် လိုအပ်မှ လျှပ်စစ်မီး ဖြတ်တောက်မည်

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား အမှတ်(၁)မှ သစ်ပင်ခြောက် နှစ်ပင်ကို ထိုင်းစည်ပင်အဖွဲ့က၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၂၄) ရက်နေ့ နံနက်(၉)နာရီဝန်းကျင်မှစ၍ လာရောက် ရှင်းလင်းပေးမည်ဖြစ်ပြီး လိုအပ်ပါက လျှပ်စစ်မီး ယာယီဖြတ်တောက်ရမည်ဖြစ်ကြောင်း သိရသည်။

“ဟိုဘက်ကမ်းကအဖွဲ့တွေ မနက် (၈)နာရီလောက်မှာ ကားနှစ်စီးနဲ့အဖွဲ့တွေ လွှတ်ပေးမယ်။ ဒီဘက်ကို သူတို့ရောက်တဲ့အခါ အနေအထားကြည့်အုံးမယ်။ မီးလင်းရေးအဖွဲ့လည်း ရှိနေမယ်။ မီးကလိုအပ်မှ ဖြတ်မှာပါ။ ဖုန်းလိုင်းကြိုးနည်းနည်းလည်းရှိတော့ ဆက်သွယ်ရေးလည်း ရှိနေမယ်။ အပင်အောက်မှာရှိတဲ့ဆိုင်တွေကိုတော့ ခဏပိတ်ပေးထားရမယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးကတစ်ဆင့် ပြောထားပြီးပါပြီ”ဟု ခေတ္တ တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စွာမင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မယ်ဆိုင်မြို့နယ် စည်ပင်သာယာရေးဌာနမှ ကရိန်းကား နှစ်စီးဖြင့် သစ်ပင်ခြောက်ဖယ်ရှားခြင်းအား နံနက် (၉) နာရီဝန်းကျင်မှ စတင် လုပ်ဆောင်မည်ဖြစ်ရာ သစ်ပင်ခုတ်ထွင် ရှင်းလင်းရေးအတွက် လျှပ်စစ်မီးကြိုးများဖြင့် မလွတ်ပါက နေ့လယ် (၁)နာရီမှ ညနေ (၅) နာရီအထိ လျှပ်စစ်မီးဖြတ်တောက် လုပ်ကိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

ကုက္ကိုပင်များ ဖယ်ရှားရှင်းလင်းမှုအတွက် ကုန်ကျစရိတ် ထိုင်းဘတ်ငွေ (၄၂,၀၀၀)ဘတ်(မြန်မာကျပ်ငွေ ၂၁ သိန်း)ကို တာချီလိတ်မြို့ မီးလင်းရေးကော်မတီက ကျခံမည်ဖြစ်ကာ တာချီလိတ်မှ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီအဖွဲ့၊ စည်ပင်သာယာရေးဌာနက ခုတ်ထွင်ပြီးသစ်ကိုင်းများ ရှင်းလင်းရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ချစ်ကြည်ရေးတံတားပေါ်မှ ကုက္ကိုလ်ပင်ခြောက်နှစ်ပင် ခုတ်ထွင်ရှင်းလင်းရေးအတွက် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ လျှပ်စစ်ဝန်ကြီးဌာန၊ ရဲတပ်ဖွဲ့နှင့် မြို့မီးလင်းရေးကော်မတီတို့က တို့က ဆွေးနွေးပြီးနောက် သစ်ပင်ခုတ်လှဲခြင်းအား ထိုင်းနိုင်ငံဘက်မှ အကူအညီရယူရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံနှင့် နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်တွင် ထိုင်းနိုင်ငံမှ လျှပ်စစ်မီးကို မြို့မီးလင်းရေးကော်မတီက ဝယ်ယူပြီး တစ်ဆင့်ပြန်လည် ရောင်းချဖြန့်ဖြူးပေးနေခြင်းဖြစ်ပြီး ချစ်ကြည်ရေးတံတား (၁)မှ သစ်ပင်များ ခုတ်ထွင်ရှင်းလင်းချိန်တွင် လျှပ်စစ်မီးကြိုးများ မထိခိုက်စေရေးနှင့် အန္တရာယ်ကင်းစေရေးအတွက် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net