ရှမ်း(အရှေ့)မှ ကျန်းမာရေးဝန်ထမ်း (၁၅၀၀)ကျော်ကို ကိုဗစ်ကာကွယ်ဆေး စတင် ထိုးပေးသွားမည်

ရှမ်း(အရှေ့)မှ ကျန်းမာရေးဝန်ထမ်း (၁၅၀၀)ကျော်ကို ကိုဗစ်ကာကွယ်ဆေး စတင် ထိုးပေးသွားမည်
ဇန်နဝါရီ 24, 2021 | Covid-19| ရှမ်းရှေ့

မြန်မာနိုင်ငံတွင် COVISHIELD COVID 19 ကာကွယ်ဆေးကို ကျန်းမာရေးဝန်ထမ်းများအား ပထမဦးစားပေးအဖြစ် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၂၇) ရက်နေ့တွင် စတင်ထိုးနှံရာ၌ ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသမှ ကျန်းမာရေးဝန်ထမ်း (၁,၅၀၀) ကျော် ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ 

 လောလောဆယ်အထိကတော့ ကျန်းမာရေးဝန်ထမ်းတွေပဲလို့ သိထားပါတယ်။ စေတနာ့ ဝန်ထမ်းတွေတို့ ဘာတို့လည်း ပါဝင်ဖို့အတွက် ရုံးချုပ်က ဆေးရရှိမှုနဲ့ ထိုးရမယ့်သူ ဘယ်လောက်ထိ ကျွန်တော်တို့ ဆောင်ရွက်ပေးနိုင်မယ်ဆိုတဲ့အပေါ်မှာ မူတည်ပြီး ဦးစားပေးအစီအစဉ်အတိုင်း ကျယ်ကျယ်ပြန့်ပြန့် ဆက်ဆောင်ရွက်သွားမှာပါ

ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ညွှန်ကြားရေးမှူး ဒေါက်တာ မြင့်ကျော်က တာချီလိတ်သတင်းအေဂျင်စီသို့ ဇန်နဝါရီလ (၂၄) ရက်နေ့တွင် ပြောသည်။

COVID 19 ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်း ဗဟိုအဆင့်မွမ်းမံဆရာဖြစ်သင်တန်းကို ဇန်နဝါရီလ (၂၃) ရက်နှင့် (၂၄) ရက်နေ့များတွင် ကျင်းပနေပြီး တိုင်းဒေသကြီး/ပြည်နယ်အဆင့် မွမ်းမံသင်တန်းကို ဇန်နဝါရီ (၂၅) ရက်နေ့နှင့် (၂၆) ရက်နေ့တို့တွင် ထပ်မံပို့ချပြီးပါက အဆိုပါ မွမ်းမံသင်တန်း တက်ရောက်ပြီး သူများက ဇန်နဝါရီလ (၂၇) ရက်နေ့တွင်စတင်မည့် ကျန်းမာရေးဝန်ထမ်းများအား COVID 19 ကာကွယ်ဆေးထိုးမည့်လုပ်ငန်းတွင် တာဝန်ယူ ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။

တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ ကျန်းမာရေးဝန်ထမ်းအင်အားစာရင်းများအတိုင်း ကာကွယ်ဆေးများကို ဇန်နဝါရီလ (၂၄)ရက်နေ့၌ ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ Serum Institute of India မှထုတ်လုပ်သည့် COVISHIELD COVID-19 ရောဂါ ကာကွယ်ဆေးအလုံးရေ (၁) သန်းခွဲကို အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံအတွက် လက်ဆောင်အဖြစ် ဇန်နဝါရီလ (၂၂) ရက်နေ့က ပေးပို့ထားခြင်းဖြစ်ပြီး ပထမဦးစားပေးအနေဖြင့် ကျန်းမာရေးဝန်ထမ်းများအား ထိုးနှံပေးသွားမည်ဖြစ်ပြီး မြန်မာအစိုးရက လူဦးရေ (၅) သန်းစာအတွက် ဝယ်ယူထားသည့် အိန္ဒိယနိုင်ငံမှ COVID 19 ကာကွယ်ဆေးများ ရောက်ရှိလာပါက ဦးစားပေးအစီအစဉ်အဆင့်ဆင့်အလိုက် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency

သတင်း - ချယ်ရီထိုက်

 

ချယ်ရီထိုက် (အင်မိုင်ခ)သည် Tachileik News Agency ၏ စီမံခန့်ခွဲမှုအယ်ဒီတာချုပ်ဖြစ်သည်။