အေကာက္ခြန္လႈပ္ရွားစစ္ေဆးေရးအဖြဲ႕က (၁၄)လအတြင္း က်ပ္သိန္းေပါင္း (၇၉၈၂၃)ေက်ာ္ တန္ဖိုးရိွ အေကာက္ခြန္မဲ့ႏွင့္ တရားမဝင္ပစၥည္းမ်ား ဖမ္းမိ

အေကာက္ခြန္လႈပ္ရွားစစ္ေဆးေရးအဖြဲ႕က (၁၄)လအတြင္း က်ပ္သိန္းေပါင္း (၇၉၈၂၃)ေက်ာ္ တန္ဖိုးရိွ အေကာက္ခြန္မဲ့ႏွင့္ တရားမဝင္ပစၥည္းမ်ား ဖမ္းမိ
မေ 4, 2019
By 🌸
ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ သိန္နီၿမိဳ႕နယ္ ေရပူစစ္ေဆးေရးစခန္းအပါအဝင္ နယ္စပ္ကုန္သြယ္ေရး လမ္းေၾကာင္းမ်ားႏွင့္ ေလေၾကာင္းတို႔မွ အေကာက္ခြန္မဲ့၊ တရားမဝင္ပစၥည္းဖမ္းဆီးရမိမႈမွာ ၂၀၁၈ ခုႏွစ္၊ ဇန္နဝါရီလ (၁၅)ရက္ေန႔မွ ၂၀၁၉ ခုႏွစ္၊ ေမလ (၃)ရက္ေန႔အတြင္း စုစုေပါင္းတန္ဖိုး က်ပ္သိန္း (၇၉၈၂၃)ေက်ာ္ရိွေၾကာင္း သိရသည္။

အေကာက္ခြန္မဲ့တင္သြင္း၊ တင္ပို႔သည့္ပစၥည္းမ်ားကို အေကာက္ခြန္လႈပ္ရွားစစ္ေဆးေရးအဖြဲ႕က စိစစ္ဖမ္းဆီးျခင္းလုပ္ေဆာင္ရာ အဆိုပါကာလအတြင္း အမ်ားဆံုးဖမ္းဆီးရမိသည့္ပစၥည္းအမ်ားစုမွာ ျပည္တြင္းသို႔ တရားမဝင္၊ အေကာက္ခြန္မဲ့တင္သြင္းလာသည့္ ဆိုဒီယမ္ဆုိင္ယာႏုိဒ္ႏွင့္ အမိုနီယမ္ႏုိက္ထရိတ္ကဲ့သို႔ ဓါတုပစၥည္းမ်ား၊ လူသံုးကုန္၊ စားေသာက္ကုန္မ်ား၊ ေမာ္ေတာ္ယာဥ္အပိုပစၥည္းမ်ားပါဝင္ၿပီး ျပည္ပသို႔ တရားမဝင္တင္ပို႔သည့္ ေက်ာက္စိမ္းတုိ႔ျဖစ္ေၾကာင္း သိရသည္။

ယင္းကဲ့သို႔ ဖမ္းဆီးရမိသည့္ပစၥည္းမ်ားကို ပင္လယ္ေရေၾကာင္းအေကာက္ခြန္အက္ဥပေဒအရ ေရြးဒဏ္၊ ေလလံ ႏွင့္ ဖ်က္ဆီးျခင္းမ်ား လုပ္ေဆာင္ေနၿပီး အေကာက္ခြန္ဦးစီးဌာနက ခ်မွတ္ေသာအမိန္႔ (သို႔မဟုတ္) ဆံုးျဖတ္ခ်က္အေပၚ နစ္နာသည္ဟုထင္ျမင္ယူဆပါက အယူခံတင္ျပႏုိင္ေၾကာင္း သိရသည္။

အေကာက္ခြန္လႈပ္ရွားစစ္ေဆးေရးအဖြဲ႕ကို ၂၀၁၈ ခုႏွစ္၊ ဇန္နဝါရီလ (၁၅)ရက္ေန႔တြင္ စတင္ဖြဲ႕စည္းၿပီး မူဆယ္ - လားရိႈး - မႏၱေလး ျပည္ေထာင္စုလမ္းမႀကီး၊ ရန္ကုန္ဘူတာႀကီးႏွင့္ လမ္းဘူတာမ်ား၊ ရန္ကုန္အျပည္ျပည္ဆုိင္ရာေလဆိပ္တုိ႔တြင္ စစ္ေဆးဖမ္းဆီးျခင္းမ်ားကို လုပ္ေဆာင္ေနျခင္းျဖစ္သည္။

Tachileik News Agency
Photo: Custom

~~~~~~~~⊰❂ Unicode Version ~~~~~~~~
အကောက်ခွန်လှုပ်ရှားစစ်ဆေးရေးအဖွဲ့က (၁၄)လအတွင်း ကျပ်သိန်းပေါင်း (၇၉၈၂၃)ကျော် တန်ဖိုးရှိ အကောက်ခွန်မဲ့နှင့် တရားမဝင်ပစ္စည်းများ ဖမ်းမိ
************
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန်နီမြို့နယ် ရေပူစစ်ဆေးရေးစခန်းအပါအဝင် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများနှင့် လေကြောင်းတို့မှ အကောက်ခွန်မဲ့၊ တရားမဝင်ပစ္စည်းဖမ်းဆီးရမိမှုမှာ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ (၁၅)ရက်နေ့မှ ၂၀၁၉ ခုနှစ်၊ မေလ (၃)ရက်နေ့အတွင်း စုစုပေါင်းတန်ဖိုး ကျပ်သိန်း (၇၉၈၂၃)ကျော်ရှိကြောင်း သိရသည်။

အကောက်ခွန်မဲ့တင်သွင်း၊ တင်ပို့သည့်ပစ္စည်းများကို အကောက်ခွန်လှုပ်ရှားစစ်ဆေးရေးအဖွဲ့က စိစစ်ဖမ်းဆီးခြင်းလုပ်ဆောင်ရာ အဆိုပါကာလအတွင်း အများဆုံးဖမ်းဆီးရမိသည့်ပစ္စည်းအများစုမှာ ပြည်တွင်းသို့ တရားမဝင်၊ အကောက်ခွန်မဲ့တင်သွင်းလာသည့် ဆိုဒီယမ်ဆိုင်ယာနိုဒ်နှင့် အမိုနီယမ်နိုက်ထရိတ်ကဲ့သို့ ဓါတုပစ္စည်းများ၊ လူသုံးကုန်၊ စားသောက်ကုန်များ၊ မော်တော်ယာဉ်အပိုပစ္စည်းများပါဝင်ပြီး ပြည်ပသို့ တရားမဝင်တင်ပို့သည့် ကျောက်စိမ်းတို့ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ ဖမ်းဆီးရမိသည့်ပစ္စည်းများကို ပင်လယ်ရေကြောင်းအကောက်ခွန်အက်ဥပဒေအရ ရွေးဒဏ်၊ လေလံ နှင့် ဖျက်ဆီးခြင်းများ လုပ်ဆောင်နေပြီး အကောက်ခွန်ဦးစီးဌာနက ချမှတ်သောအမိန့် (သို့မဟုတ်) ဆုံးဖြတ်ချက်အပေါ် နစ်နာသည်ဟုထင်မြင်ယူဆပါက အယူခံတင်ပြနိုင်ကြောင်း သိရသည်။

အကောက်ခွန်လှုပ်ရှားစစ်ဆေးရေးအဖွဲ့ကို ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ (၁၅)ရက်နေ့တွင် စတင်ဖွဲ့စည်းပြီး မူဆယ် - လားရှိုး - မန္တလေး ပြည်ထောင်စုလမ်းမကြီး၊ ရန်ကုန်ဘူတာကြီးနှင့် လမ်းဘူတာများ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တို့တွင် စစ်ဆေးဖမ်းဆီးခြင်းများကို လုပ်ဆောင်နေခြင်းဖြစ်သည်။

Tachileik News Agency
Photo: Custom

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net