မန်တုံမြို့ကို သိမ်းပိုက်ရရှိကြောင်း TNLA ထုတ်ပြန် ဟောင်ဝှစ်ဇာလက်နက်ကြီးအပါ လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိ

မန်တုံမြို့ကို သိမ်းပိုက်ရရှိကြောင်း TNLA ထုတ်ပြန် ဟောင်ဝှစ်ဇာလက်နက်ကြီးအပါ လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိ
ဒီဇင်ဘာ 24, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံမြို့ရှိ စစ်ကောင်စီ ဗျုဟာမှူးအခြေချ ကွပ်ကဲနေသည့် တပ်စခန်းကို တအာင်းအမျိုးသားလွတ်‌မြောက်ရေးတပ်မတော်(TNLA)က သိမ်းပိုက်ပြီးနောက် မြို့ကိုပါ အလုံးစုံထိန်းချုပ်နိုင်ပြီဖြစ်‌ကြောင်း TNLA က သတင်းထုတ်ပြန်သည်။

မန်တုံမြို့ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ (၁၉)ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ပြီး ဒီဇင်ဘာလ (၂၂)ရက်နေ့ ညနေပိုင်းတွင် စစ်ကောင်စီ ခလရ(၁၃၀)ဗျုဟာကုန်းအပါအဝင် တပ်စခန်းများဖြစ်သည့် ခိုမုန်းတပ်စခန်း၊ လွယ်ဆိုင်တောင်တပ်စခန်း၊ ပ.သ.စ တပ်စခန်း၊ ရဲစခန်းနှင့် ဌာနဆိုင်ရာရုံးများ အလုံးစုံသိမ်းပိုက်ရရှိခဲ့သည်ဟု သိရသည်။ 

မန်တုံမြို့ စစ်ကောင်စီ ခလရ(၁၃၀) တပ်စခန်းသည် စစ်ဗျုဟာ-၂ လက်အောက်ခံ ခလရ(၁၃၀)တပ်နှင့် တမ(၁၀၁) လက်အောက်ခံ ခလရ(၂၅၄)တို့မှ လာရောက်ထိုးစစ်ဆင် အခြေချလှုပ်ရှားသည့် တပ်ဖြစ်သည်ဟု သိရသည်။

မန်တုံမြို့ရှိ စစ်ကောင်စီ တပ်စခန်းများကို တိုက်ခိုက်နေစဥ်အတွင်း စစ်ကောင်စီတပ်ဘက်မှ Jet Fighterဖြင့် (၄၃)ကြိမ် ၊ Y12 လေယာဥ်ဖြင့် (၁၈၃)ကြိမ်နှင့် တိုက်ခိုက်ရေးရဟတ်ယာဥ် Mi35ဖြင့် (၃၀)ကြိမ် အသုံးပြု ခုခံပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

မန်တုံမြို့တိုက်ပွဲအတွင်း စစ်ကောင်စီ ခလရ(၁၃၀)တပ်စခန်းမှ ဟောင်ဝစ်ဇာလက်နက်ကြီးဖြင့် (၁၃၇)ကြိမ် ထက်မနည်း မန်တုံမြို့တွင်းသို့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး Mi17 ထောက်ပို့ယာဥ်ဖြင့် စစ်ကူအင်အားနှင့် လက်နက်ခဲယမ်းများ (၉)ကြိမ် မန်တုံစခန်းကုန်းတွင် လာရောက် ပစ်ချထောက်ပံ့ပေးခဲ့သည်ဟု သိရသည်။

မန်တုံမြို့ စခန်းသိမ်းတိုက်ပွဲ (၄)ရက်တာကာလအတွင်း စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း (၂၆၅)ကြိမ်၊ ဗုံးကြဲချမှု အကြိမ်ပေါင်း (၁၀၃၈)ကြိမ်၊ လက်နက်ကြီး ပစ်ခတ်မှု (၁၃၇)ကြိမ် အသုံးပြုတိုက်ခိုက်ခဲ့ပြီး၊ တစ်ရက် ပျမ်းမျှလေကြောင်းတိုက်ခိုက်မှု (၆၆)ကြိမ်၊ တစ်ရက် ပျမ်းမျှ ဗုံးကြဲတိုက်ခိုက်မှု (၂၅၉)ကြိမ် အသုံးပြုတိုက်ခိုက်ခဲ့ကာ ၁၀၂၇ စစ်ဆင်ရေး ကာလအတွင်း စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှု စံချိန်တင် အသုံးပြု တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီ မန်တုံတပ်စခန်းကို TNLAက တိုက်ခိုက်နေစဥ်အတွင်း စစ်ကောင်စီ၏ ပြန်လည်တိုက်ခိုက်မှုကြောင့် မန်တုံမြို့နယ် ဒေသခံ တစ်ဦး ဒဏ်ရာ ရရှိပြီး ဘာသာရေးအဆောက်အဦး ဘုရားကျောင်းကန်များ၊ လူနေအိမ် (၁၅)လုံး လက်နက်ကြီးနှင့် လေယာဥ်ဗုံးစ ထိမှန်ပျက်စီးခြင်းနှင့် လူနေအိမ် တစ်လုံး မီးလောင်ပျက်စီးခြင်းများရှိခဲ့သည်ဟု သိရသည်။

တိုက်ပွဲကာလအတွင်း စစ်ကောင်စီ၏ လက်နက်ခဲယမ်းများ၊ ၁၅၅ ဟောင်ဝစ်ဇာအမြောက် (၂)လက် အပါအဝင်၊ လက်နက်မျိုးစုံ၊ မိုင်း၊ ခဲယမ်းမျိုးစုံ နှင့် စစ်သုံးဆောင်ပစ္စည်းများ ရှင်းလင်းသိမ်းဆည်းရရှိသည်ဟု သိရသည်။

TNLAသည် မိုင်းလုံမြို့၊ နမ့်ဆန်မြို့နှင့် နမ့်ခမ်းမြို့တို့ကို သိမ်းပိုက်ခဲ့ပြီးနောက် စတုတ္ထမြောက်မြို့အဖြစ် မန်တုံမြို့ကို အလုံးစုံ ထိန်းချုပ်ထားပြီးဖြစ်သည်ဟု သိရသည်။

#TachileikNewsAgency

Photo: PSLF/TNLA News