မယဉ်ကျေးတဲ့ ကလေးဆရာဝန်

မယဉ်ကျေးတဲ့ ကလေးဆရာဝန်
By ဒေါက်တာကျော်စွာမြင့် (ကလေးအထူးကု)

ကလေးဆေးခန်းမှာပေါ့။ ကလေးတစ်ယောက်ကို အဖေကချီပြီး ဝင်လာတယ်။ ဘေးမှာ ကလေးအမေက ဝင်ထိုင်တယ်။ နောက်ကနေ အဘွားဖြစ်ဟန်တူသူ တစ်ယောက်လည်း ပါလာသေးတယ်။

ကျွန်တော်။ "ကဲ ဘာဖြစ်လာလို့လဲ ပြောပါဦး"
ကလေးအဖေ။ "ကလေး ဖျားနေလို့ ဆရာ"
ကျွန်တော်။ "ဘယ်နှရက် ရှိပြီလဲဗျ ဖျားတာ"
ကလေးအဖေ။ "မနေ့ကပဲ ဆရာ"
ကလေးအမေ။ "မဟုတ်ပါဘူး။ ရှင်က မသိဘဲနဲ့။ သူဖျားတာ လေးငါးရက်လောက်ရှိပြီရယ်"
ကျွန်တော်။ "ဖျားနေတာ လေးငါးရက် သေချာလားဗျ"
ကလေးအဘွား။ "ကလေးကို ထိန်းရတာ ကျမ ဆရာရေ။ ကလေးဖျားနေတာ ဆယ်ရက်လောက်ရှိပြီရယ်
 သူတို့ဘာမှ မသိဘူးရယ်"
ကလေးအဘိုး။ "အမကြေီးကလည်း ကလေးဖျားတာ အဲဒီလောက်ကြာတာ ဟုတ်လို့လား"

အခန်းထဲထိ ဝင်မလာတဲ့ အဖိုးဖြစ်ဟန်တူသူရဲ့ အပြင်က လှမ်းပြောသံ။

ကျွန်တော်။ "အင်..."

ဒီအချိန်မှာ အလိုက်ကန်းဆိုးမသိ ကလေးအဖေက ဆက်မေးတယ် "ကျွန်တော့်ကလေး သွေးလွန်တုပ်ကွေး ဖြစ်နိုင်လား ဆရာ။ စိုးရော စိုးရိမ်ရလား"တဲ့။

ခက်ပြီ ဒီလူတွေနဲ့တော့။ ဖျားတဲ့ရက်လေး မေးကာရှိသေး ရွာလည်ပြီး ဗွက်ထနပြေီ။ ဆူရင်လည်း ဆရာဝန်တွေ မယဉ်ကျေးဘူး ဖြစ်ဦးမယ်။ စိတ်လျှော့ စိတ်လျှော့။ ကျွန်တော်ဖြေပေးလိုက်ပါတယ်။

"အစ်ကို မေးတာဖြေရရင် လေးပိုင်း ပိုင်းဖြေမှရမယ်ဗျ။ ပထမပိုင်းအနေနဲ့က အစ်ကိုပြောတဲ့အတိုင်း ကလေးဖျားတာ နှစ်ရက်ပဲဆို သွေးလွန်တုပ်ကွေးရောဂါ ဖြစ်တော့ဖြစ်နိုင်တယ်။ စိုးရိမ်စရာတော့ မလိုဘူး။ ဘာလို့လဲ ဆိုတော့ သွေးလွန်တုပ်ကွေးက ဖြစ်ပြီး တစ်ရက်နှစ်ရက်အတွင်း အရေးပေါ်အနေအထား ဖြစ်မသွားတတ်လို့။

ဒုတိယအနေနဲ့ ခင်ဗျားမိန်းမပြောသလို လေးငါးရက်ဆို သွေလွန်တုပ်ကွေး ဖြစ်နိုင်ခြေ ပိုများတယ်။ စိုးရိမ်စရာ အနေအထားလည်း ချက်ချင်း ဖြစ်နိုင်တယ်။ တတိယ ခင်ဗျားအမေပြောသလို ကလေးဖျားတာ ဆယ်ရက်လောက်ရှိပြီဆို သွေးလွန်တုပ်ကွေး သိပ်မဖြစ်နိုင်တော့ဘူး။ အခြားရောဂါတွေ စဉ်းစားရတယ်။ စတုတ္ထ အချက်ကတော့ အခု အစ်ကိုတို့ မိသားစု အပြင်ခဏထွက်ပြီး မိသားစု ခေါင်းချင်းဆိုင် အစည်းအဝေးလုပ်။ ကလေးဖျားတဲ့ရက် ဘယ်နှစ်ရက်ဆိုတာ သဘောတူ သေချာဆုံးဖြတ်ပြီးမှ ဆေးခန်းထဲ ပြန်ဝင်ခဲ့။ ဒါမှ ကျွန်တော် တိတိကျကျ ရှင်းပြနိုင်မှာ။ ဟုတ်ပြီနော်။ ကဲ အပြင်ခဏထွက်ပေးပါ"

ပေစောင်း ပေစောင်းနဲ့ မိသားစုလိုက် ထွက်သွားကြပြီး အစည်းအဝေးသွားလုပ်ကြလေရဲ့။

သွေးလွန်တုပ်ကွေးရာသီမှာ ဖျားတဲ့ရက် အတိအကျသိဖို့ အရေးကြီးကြောင်း မိဘတွေ သတိထား စေချင်ပါတယ်။

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  ❂⊱

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~