မြန်မာ နှင့် လာအို နှစ်နိုင်ငံ ပထမဦးဆုံး ချစ်ကြည်ရေးတံတား ဖွင့်လှစ်

မြန်မာ နှင့် လာအို နှစ်နိုင်ငံ ပထမဦးဆုံး ချစ်ကြည်ရေးတံတား ဖွင့်လှစ်
By Tachileik News Agency

မြန်မာ - လာအို နှစ်နိုင်ငံ သံတမန်ရင်းနှီးမှု အနှစ်(၆၀)ပြည့် အထိမ်းအမှတ်အဖြစ် ကျိုင်းလပ်မြို့ရှိ နှစ်နိုင်ငံ ချစ်ကြည်ရေး တံတားအား ယနေ့မေလ (၉)ရက် နံနက်ပိုင်းက နှစ်နိုင်ငံသမ္မတတို့မှ တက်ရောက်၍ တံတားအား ဖွင့်လှစ်ပေးခဲ့သည်။

ပထမ ဦးစွာ မြန်မာနိုင်ငံဘက်ရှိ ကမ္ပည်းမော်ကွန်းကျောက်စာအား နိုင်ငံတော် သမ္မတ ဦးသိန်းစိန် မှ စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်များ ပက်ဖြန်းသည်။

 
 
 

ဆက်လက်၍ နှစ်နိုင်ငံ တံတားအလယ်တည့်တည့်တွင် နှစ်ဖက် သမ္မတနှစ်ဦးတို့မှ ကမ္ပည်းကျောက်စာအား ပြိုင်တူ စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးပြီး ချစ်ခင်ရင်းနှီးစွာဖြင့် လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြသည်။

 

ယင်းနောက် နဂါးနှစ်ကောင်ဆရာတော်ဘုရားကြီး၊ မိုင်းဖုန်းဆရာတော် ဘုရားကြီး နှင့် မိုင်းလင်းဆရာတော် ဘုရားကြီး အပါအဝင် နှစ်နိုင်ငံ ဆရာတော်ကြီးများမှ ကြွရောက်၍ အန္တရာယ်ကင်း ပရိတ်တရားများကို ရွတ်ဖတ်ပူဇော်ပြီးနောက် နိုင်ငံတော်သမ္မတ နှင့် ပြည်ထောင်စုဝန်ကြီးများမှ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ယခုလို တံတားဆောက်လုပ်ရခြင်းနှင့် ပတ်သက်၍ “၂၀၀၃ ခုနှစ် အောက်တိုဘာလက ရန်ကုန်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ဧရာဝတီ - ကျောက်ဖယား စီးပွားရေး မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်ရေး အစည်းအဝေးမှာ ဗီယက်နမ်နိုင်ငံမှ မြန်မာ - လာအို - ဗီယက်နမ် စင်္ကြန်လမ်းဖေါက်လုပ်ရန် အဆိုပြုခြင်းမှ အစပြုခဲ့ခြင်းဖြစ်ပါတယ်”ဟု ဖွင့်ပွဲတွင် မြန်မာနိုင်ငံဘက် တာဝန်ရှိသူမှ ရှင်းလင်းပြောကြားချက်အရ သိရသည်။

 

မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်၏ ၂၀၁၃ ခုနှစ် လာအိုနိုင်ငံချစ်ကြည်ရေးခရီးစဉ်တွင် နှစ်နိုင်ငံ ဆောက်လုပ်ရေးဝန်ကြီးဌာနတို့မှ ချစ်ကြည်ရေး တံတားဆောက်လုပ်ရန်အတွက် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြောင်း ချစ်ကြည်ရေးတံတားအား သတ်မှတ်ကာလ လပေါင်း (၃၀) သတ်မှတ်ထားသော်လည်း အချိန်(၅)လစော၍ အပြီးတည်ဆောက်နိုင်ခဲ့ကြောင်း သိရသည်။

မြန်မာ - လာအိုချစ်ကြည်ရေးတံတားသည် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး တံတား၏ အရှည်မှာ (၂၂၆၉.၂၇)ပေရှည်လျားကာ လာအိုနိုင်ငံမှ ဆောင်ရွက်သည့် အရှည်မှာ (၃၆၀)မီတာ ရှိပြီး မြန်မာနိုင်ငံဘက်မှ ဆောင်ရွက်သည့် အရှည်မှာ (၃၃၁.၆)မီတာ ရှည်လျားကြောင်း နှင့် စုစုပေါင်း ကုန်ကျငွေမှာ ဒေါ်လာ (၂၆)သန်းရှိကြောင်း သိရသည်။

နှစ်နိုင်ငံ အကျိုးအမြတ် ရရှိရန်နှင့် သမိုင်းမှတ်တိုင်များ စိုက်ထူရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း နှင့် မဲခေါင်မြစ်နှင့် ဆက်စပ်လျှက်ရှိသော အရှေ့- မြောက်၊ အနောက် - မြောက် လမ်းကြောင်းများ ချိတ်ဆက်၍ အာဆီယံစီပွားရေး အသိုင်းအဝိုင်းသို့ ပါဝင်နိုင်ရန်ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် ထွက်ကုန်ပစ္စည်းများအား အာဆီယံနိုင်ငံတွင်း တင်ပို့ရန် လမ်းကြောင်းနှင့် တောင်တရုတ်ပင်လယ် ဗီယက်နမ်ရေနက် ဆိပ်ကမ်းသို့ ကုန်ပစ္စည်းများ တင်ပို့နိုင်ရန် လမ်းကြောင်းဖြစ်ကြောင်း သိရသည်။

 

မြန်မာ - လာအို ချစ်ကြည်ရေး တံတားဖွင့်ပွဲတွင် မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်နှင့် လာအို သမ္မတ မစ္စတာ ကျူမာလေဆိုင်ရာဆွန် တို့နှင့်အတူ မြန်မာနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် အပါအဝင် ပြည်ထောင်စုဝန်ကြီးများ နှင့် လာအိုနိုင်ငံမှ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးများ တက်ရောက်ခဲ့သည်။

ချစ်ကြည်ရေးတံတားဖွင့်ပွဲသို့ ရှမ်းပြည်နယ် အရှေ့ပိုင်းအတွင်းရှိ ဒေသခံ ပြည်သူများနှင့် တာချီလိတ်ခရိုင် အတွင်းရှိ ဒေသခံ တိုင်းရင်းသားများ၊ လုပ်သားပြည်သူများ တက်ရောက်ခဲ့ကြသည်။

 

ပုံများကိုကြည့်ရန်
မြန်မာ နှင့် လာအို နှစ်နိုင်ငံ ပထမဦးဆုံး ချစ်ကြည်ရေးတံတားအား....