နယ်စပ်မြို့ တာချီလိတ်တွင် ဆိုင်ကယ်ခိုးမှု နေ့စဉ်နီးပါး ဖြစ်ပွားနေပြီး လမ်းကြားများတွင် အသက်အန္တရာယ်ခြိမ်းခြောက်ကာ လုယက်သည်အထိ ဖြစ်ပွားမှု ရှိနေ

နယ်စပ်မြို့ တာချီလိတ်တွင် ဆိုင်ကယ်ခိုးမှု နေ့စဉ်နီးပါး ဖြစ်ပွားနေပြီး လမ်းကြားများတွင် အသက်အန္တရာယ်ခြိမ်းခြောက်ကာ လုယက်သည်အထိ ဖြစ်ပွားမှု ရှိနေ
သြဂုတ် 9, 2020
By Tachileik News Agency
နယ်စပ်ဒေသ တာချီလိတ်မြို့တွင် ဆိုင်ကယ်ခိုးမှု နေ့စဉ်နီးပါး ဖြစ်ပွားနေပြီး လမ်းကြားများတွင် အသက်အန္တရာယ်ခြိမ်းခြောက်ကာ လုယက်သည်အထိ ဖြစ်ပွားမှု ရှိနေ

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် Covid-19 ကာလအတွင်း ဆိုင်ကယ်ခိုးခံရမှုအများဆုံးဖြစ်နေပြီး အချို့သော လမ်းကြိုလမ်းကြားများတွင် အသက်အန္တရာယ်ခြိမ်းခြောက်ကာ လုယက်မှုများအထိ ဖြစ်နေကြောင်း သိရသည်။

တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ဝမ်မိုင်ရွာ အတွင်း Dream City စားသောက်ဆိုင်ဘက်သို့ သွားသည့် မှောင်နေသော လမ်းကြားတွင် ၂၀၂၀ခုနှစ် ဩဂုတ်လ(၈)ရက်နေ့အကူး (ဝဝး၃၀)နာရီဝန်းကျင်တွင် လူငယ်နှစ်ဦးမှ ဆိုင်ကယ်တစ်စီးဖြင့် သွားနေစဉ် လမ်းကြား၌ အမျိုးသား(၃)ဦးမှ ဓါးများကိုင်ဆောင်ကာ ဆိုင်ကယ်အား ရပ်တန့်စေရန်ကြိုးပမ်းပြီး အသက်အန္တရာယ်ခြိမ်းခြောက်ကာ ပစ္စည်း လုယက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မိုးနည်းနည်းရွာတယ် သူတို့က မိုးကာအင်္ကျီတွေ ဦီးထုပ်တွေဆောင်းပြီးတော့ Mask(နှာခေါင်းစည်း)တွေ တပ်ထားတာ။ ကျွန်တော်တို့ သူငယ်ချင်းက နှစ်ယောက်စီးသွားတာ။ အနောက်က တစ်ယောက်ကို ဆွဲချလိုက်တာ။ ဆိုင်ကယ်မောင်းတဲ့ ကျွန်တော့်သူငယ်ချင်းကိုတော့  ရိုက်လိုက်တာ၊ ဘာနဲ့ရိုက်လည်းတော့မသိဘူး ကျွန်တော့်သူငယ်ချင်း ပြန်ပြောပြတာကတော့ ဓါးတွေကိုင်ထားတယ်ပြောတယ်။ မောင်းတဲ့တစ်ယောက်ကတော့ ဆိုင်ကယ်မြန်မြန်မောင်းပြီး သွားလိုက်တာ၊ သူတို့ ဆွဲချလိုက်တဲ့ တစ်ယောက်ကို သူတို့ (၃)ယောက်က မေးတာ၊ မင်းသေချင်လား မသေချင်ရင် ရှိတဲ့ဟာ အကုန်ပေးလာဆိုပြီး ပြောတော့ ကျွန်တော့်သူငယ်ချင်းက ဖုန်းကို ပေးပြီး အိမ်ကို အမြန်ထွက်ပြေးလာလိုက်တာ။ မဟုတ်ရင် ပိုက်ဆံအိတ်ရော အကုန်ပါသွားမှာ။ ကျွန်တော်တို့လည်း လိုက်သွားတော့ သူတို့မရှိတော့ဘူး။ သူတို့ ပုံစံက မဝဘူး ပိန်ပိန်တွေပဲ (၃)ယောက်။ ဖုန်းကတော့ အိုင်ဖုန်းတော့မဟုတ်ဘူး ဗွီဗို့ဖုန်းပဲ၊ လူတော့ ဘာမှသိပ်မဖြစ်သွားဘူး။ နည်းနည်းတော့ နာသွားတယ်။ သွေးတွေဘာတွေတော့ မထွက်သွားဘူး။ ဖုန်းတစ်လုံးတော့ ပါသွားတယ်

ဟု ခြိမ်းခြောက်လုယက်ခံရသူ၏ သူငယ်ချင်းဖြစ်သူက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောပြသည်။

အဆိုပါ လမ်းကြားသည် လမ်းမီးများမရှိဘဲ မှောင်နေသည့်အတွက်   မကြာခဏဆိုသလို ယခုလို ဖြစ်ပွားမှုများရှိခဲ့ကြောင်း နှင့် မိန်းကလေးများ ဆိုင်ကယ်မောင်းသွားသည့်အခါမှာလည်း လွယ်ထားသည့် ပိုက်ဆံအိတ်များကို ဆွဲလု၍ ဆိုင်ကယ်လဲသည်အထိများလည်း ဖြစ်ခဲ့ပြီး ပြီးခဲ့သည့် ၂၀၁၈ခုနှစ် ဩဂုတ်လ(၁၀)ရက်နေ့ ညပိုင်းကလည်း ဆိုင်ကယ်တက္ကစီသမားတစ်ဦး ဂက်စ်သေနတ်ဟု ယူဆရသည့် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ဆိုင်ကယ်လုယက်ခံရသည့် ဖြစ်စဉ်များလည်း ဖြစ်ခဲ့ဖူးကြောင်း သိရသည်။

အလားတူပင် ၂၀၂၀ခုနှစ် ဩဂုတ်လ(၈)ရက်နေ့ ညပိုင်းက လူငယ်တစ်ဦးမှာ တာချီလိတ်မြို့ ဝိန်းကျောက်ရပ် ကွက် အာခါဈေးအနီးတွင် ဓါးဖြင့် နောက်ကြောတွင် ထိုးခံရသည်ဟုဆိုကာ ဆိုင်ကယ်ဖြင့် မောင်းလာပြီး ဆန်ဆိုင်း(ခ)ရပ်ကွက်အပိုင်း ရဲတပ်ဖွဲ့နှင့်ပြည်သူ့စစ်ဆေး ပါဝင်သည့် ရှောင်တခင်စစ်ဆေးနေရာသို့ ရောက်ရှိလာရာ ရဲတပ်ဖွဲ့ဝင် နှစ်ဦးမှ ဆေးရုံသို့ လိုက်လံပို့ဆောင်ပြီး ဖြစ်စဉ်အား စုံစမ်းနေကြောင်းနှင့် ဓါးထိုးခံရသည့် လူငယ်မှာ မစိုးရိမ်ရကြောင်း သိရသည်။

အသက်အန္တရာယ်ပြုပြီး လုယက်မှုများအပြင် Covid-19 ကာလအတွင်း ဆိုင်ကယ်များ ပျောက်ဆုံးမှုနှင့် ပတ်သက်၍ တာချီလိတ်မြို့ ဆန်ဆိုင်း(က/ခ)ရပ်ကွက်၊ ပုန်းထွန်ရပ်ကွက်နှင့် ရန်အောင်မြေရပ်ကွက်၊ ဝိန်းကျောက်ရပ်ကွက် အပြင် ဝမ်ကောင်းရပ်ကွက်၊ မကာဟိုခမ်းရပ်ကွက် အပါအဝင် မယ်ခေါင်ရပ်ကွက်တို့တွင် ဆိုင်ကယ်များ ခိုးခံရမှု အဖြစ်များနေကြောင်း သိရသည်။

ပုန်းထွန်(၄)လမ်းဘက်မှာ ဆိုင်ကယ်ခိုးခံရတာ၊ ဘီယာဝိုင်းသောက်နေတုန်း ဒီဖက်မှာ ဆိုင်ကယ် ဇက်သော့ချိုးသံကြားလိုက်လို့ အမြန်ထပြီးကြည့်လိုက်တော့ ဆိုင်ကယ်ကို အမြန်မောင်းသွားတာ လိုက်လို့မမီဘူး။ သူတို့က ဆိုင်ကယ်နှစ်စီးနဲ့လာတာ။

ဟု ၂၀၂၀ခုနှစ် ဩဂုတ်လ(၈)ရက်နေ့ ည(၁၀)နာရီ (၁၅)မိနစ်အချိန်က ဆိုင်ကယ်ခိုးခံရမှုနှင့် ပတ်သက်၍ ပိုင်ရှင်နှင့် ရင်းနှီးသူက ပြောပြသည်။

တာချီလိတ်တွင် ဩဂုတ်လ(၈)ရက်နေ့ တစ်နေ့တည်းမှာပင် ပုံလို့လမ်းတွင် ဆိုင်ကယ်တစ်စီး၊ ပုန်းထွန်ရပ်ကွက်တွင် ဆိုင်ကယ်တစ်စီး၊ ဝမ်ကောင်းရပ်ကွက် ရတနာလမ်းသွယ်တွင် တစ်စီး စုစုပေါင်း (၃)စီး ခိုးခံရကြောင်း သိရသည်။

တာချီလိတ်ရှိ အချို့ အိမ်ခန်းငှား ပိုင်ရှင်များ နှင့် တာဝန်ခံများမှာလည်း နေအိမ်အခန်းငှားတွင် ဆိုင်ကယ်များ ပျောက်ဆုံးခိုးခံရမှုနှင့် ကူညီဆောင်ရွက်ပေးမှု အားနည်းကြောင်းလည်း သိရသည်။

အခုနေတဲ့ အခန်းငှားမှာ ခြံတံခါးလည်းရှိတယ် CCTV လည်းရှိတယ်၊ ဒါကို အိမ်ငှားတာဝန်ခံက ကိုယ့်အလုပ်ကို မလုပ်ဘူး ညဆိုလည်း ခြံတံခါးမပိတ်သလို CCTV ပျက်နေတာလည်း ဂရုမစိုက်ဘူး ဆိုင်ကယ်ပျောက်လို့ ရဲသွားတိုင်မယ်လို့ ပြောတော့ တိုင်လည်း ဆိုင်ကယ်က လိုင်စင်ပါတာမဟုတ်တဲ့အတွက် နင်တို့ဘဲ အမှုပတ်မှာ ဆိုပြီး ပြောတယ်

ဟု အခန်းငှားနေထိုင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

နယ်စပ်ဒေသဖြစ်သည့်အတွက် တာချီလိတ်တွင် ဆိုင်ကယ်ခိုးခံရမှုများ နေ့စဉ်နီးပါးဖြစ်နေပြီး ခိုးခံရသည့် ဆိုင်ကယ်များမှာ အများအားဖြင့် လိုင်စင်မဲ့များ ဖြစ်နေသည့်အတွက် ပိုင်ရှင်များမှာ ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားရန် ဝန်လေးနေပြီး အမှုဖွင့်တိုင်ကြားသည့်အခါမှာလည်း လိုင်စင်မဲ့ ဆိုင်ကယ်ဖြစ်သည့်အတွက် အရေးပြန်ယူခံရမည်ကို စိုးရိမ်မှုများသည့်အတွက် တိုင်ကြားသူ နည်းပါးခဲ့ကြောင်း သိရသည်။

တာချီလိတ်ခရိုင်/မြို့နယ် နှင့် ကျားမင်းစီမံချက်တွင် ပါဝင်သည့် ရဲတပ်ဖွဲ့က တာချီလိတ်မြို့ပေါ် အချို့နေရာများတွင် ညပိုင်း ရှောင်တခင် စစ်ဆေးမှုများကို သက်ဆိုင်ရာရပ်ကွက်ရှိ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များဖြင့် ပူးပေါင်း လုပ်ဆောင်နေကြောင်း နှင့် ထူးခြားဖြစ်စဉ်များ ဖြစ်ပေါ်လာပါက ရဲတပ်ဖွဲ့ထံ သတင်းပေးတိုင်ကြားရန်လည်း အသိပေးထားရှိထားကြောင်း သိရှိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~