ထိုင်းနိုင်ငံတွင် မူးယစ်မှု၊ အနုကြမ်းမှုများဖြင့် ပြစ်ဒဏ်ကျခံခဲ့ရသူများ အပါအဝင် ထိုင်းနိုင်ငံသား (၅) ဦးကို တာချီလိတ်၌ မူးယစ်ဆေးဝါးများဖြင့် ဖမ်းဆီးရမိ

ထိုင်းနိုင်ငံတွင် မူးယစ်မှု၊ အနုကြမ်းမှုများဖြင့် ပြစ်ဒဏ်ကျခံခဲ့ရသူများ အပါအဝင် ထိုင်းနိုင်ငံသား (၅) ဦးကို တာချီလိတ်၌ မူးယစ်ဆေးဝါးများဖြင့် ဖမ်းဆီးရမိ
ဇူလိုင် 27, 2020
By Tachileik News Agency
ထိုင်းနိုင်ငံတွင် မူးယစ်မှု၊ အနုကြမ်းမှုများဖြင့်  ပြစ်ဒဏ်ကျခံခဲ့ရသူများ အပါအဝင် ထိုင်းနိုင်ငံသား (၅) ဦးကို တာချီလိတ်၌ မူးယစ်ဆေးဝါးများဖြင့် ဖမ်းဆီးရမိ

ထိုင်းနိုင်ငံတွင် မူးယစ်မှု၊ အနုကြမ်းစီးမှုတို့ဖြင့် ပြစ်ဒဏ်ကျခံခဲ့ရသူ (၃)ဦးအပါအဝင် ထိုင်းနိုင်ငံသား (၅)ဦးကို ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်၊ တော်ကော့တွင်းလမ်းရှိ နေအိမ်တစ်အိမ်တွင် ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၂၆)ရက်နေ့ နေ့လယ်ပိုင်းက  မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းစီးရမိထားကြောင်း သိရသည်။

"လက်နက်ခဲယမ်းနဲ့ မူးယစ်ဆေးသတင်းအရ ဝင်ဖမ်းတာပေါ့။ လက်နက်တွေတော့ မတွေ့ဘူး၊ မူးယစ်ဆေးဝါးတွေနဲ့ ဖမ်းမိတာပေါ့။ ထိုင်းနိုင်ငံကနေ ပြစ်မှုကျူးလွန်ပြီး ထွက်ပြေးလာတဲ့သူတွေ ဟုတ်၊ မဟုတ် စိစစ်နေတုန်းပဲ"ဟု  ရဲအရာရှိတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက် တောကော့(တွင်း)လမ်းရှိ နေအိမ်တစ်လုံးတွင် တာချီလိတ်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့သည် ၂၀၂၀ ခုနှစ် ဇူလိုင်လ (၂၆) ရက်နေ့ နေ့လယ် (၁၂) နာရီကျော်အချိန်၌ ဝင်ရောက်ရှာဖွေရာ ထိုင်းနိုင်ငံသား (၅) ဦးကို WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား (၇၆) ပြား၊ အိုက်စ်ဟုယူဆရသော အဖြူရောင်ပုံဆောင်ခဲ (၆.၂) ဂရမ်၊ မူးယစ်ဆေးဝါးသုံးစွဲရာတွင်အသုံးပြုသည့် ပိုက်တပ်လျှက်ရေသန့်ဘူး (၁) ဘူး၊ ခဲပြားလိပ် (၁) လိပ်တို့ဖြင့် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိသည့် ထိုင်းနိုင်ငံသားများအနက် Wattana Dayog (ခ) ဝပ်ထနာဒါယု (ခ) ကျို့ ဆိုသူမှာ ၂၀၁၆ ခုနှစ်တွင် မူးယစ်ဆေးဝါးမှုဖြင့် ထိုင်းနိုင်င်ငံတွင် ထောင်ဒဏ် (၂) နှစ် (၁) လကျခံခဲ့ရပြီး ၂၀၂၀ ခုနှစ် ဇန်နဝါရီလတွင် မယ်ဆိုင်ချောင်းမှတစ်ဆင့် တာချီလိတ်သို့ တရားမဝင် ဝင်ရောက်လာခဲ့ကာ ဆန်ချိုင်း (ခ) ဘန်းဆိုသူမှာ မူးယစ်ဆေးဝါးရောင်းဝယ်မှုဖြင့် ထိုင်းနိုင်ငံတွင် ထောင်ဒဏ် (၂) နှစ် (၄) လကျခံခဲ့ရပြီး ၂၀၂၀ ခုနှစ် မတ်လတွင် မယ်ဆိုင်ချောင်းမှတစ်ဆင့် တာချီလိတ်သို့ တရားမဝင် ဝင်ရောက်လာခဲ့ပြီး ထိုင်းနိုင်ငံတွင် လုယက်မှု၊ အနုကြမ်းစီးမှုတို့ဖြင့် ထောင်ဒဏ် (၁၄) နှစ် ကျခံခဲ့ရသည့် ထိုင်းနိုင်ငံသား Chatchawan(ခ)ဘီ ဆိုသူနှင့် ပြစ်ဒဏ်မရှိကြသည့် ကျန်ထိုင်းနိုင်ငံသား (၂) ဦးဖြစ်သည့် Naret Khunthang နှင့် Chaiwant Sriruang တို့မှာ မြန်မာ-ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားမှတစ်ဆင့် ၂၀၂၀ ခုနှစ် မတ်လအတွင်းက ဝင်ရောက်လာခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့် ထိုင်းနိုင်ငံသား (၅) ဦးကို တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ) ၁၀၁/၂၀၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၁ ဖြင့် အမှုဖွင့်စစ်ဆေးနေပြီး လဝကဥပဒေဖြင့် အရေးယူနိုင်ရေး စစ်ဆေးမှုများလည်း လုပ်ဆောင်နေကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~