ကျောက်မဲခရိုင်အတွင်း အခြေခံပညာကျောင်းများ၌ ကျောင်းဖွင့်အမီ ဆရာ၊ဆရာမအင်အား (၂၀၀) ဖြည့်တင်းရမည်

ကျောက်မဲခရိုင်အတွင်း အခြေခံပညာကျောင်းများ၌ ကျောင်းဖွင့်အမီ ဆရာ၊ဆရာမအင်အား (၂၀၀) ဖြည့်တင်းရမည်
ဇူလိုင် 14, 2020
By 🌸
ကျောက်မဲခရိုင်အတွင်း အခြေခံပညာကျောင်းများ၌ ကျောင်းဖွင့်အမီ ဆရာ၊ဆရာမအင်အား (၂၀၀) ဖြည့်တင်းရမည်

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲခရိုင်အတွင်း ဆရာ/ ဆရာမ လစ်လပ်နေသော စာသင်ကျောင်းများအတွက် လိုအပ်သည့် ဆရာ၊ဆရာမအင်အားကို ၂၀၂၀ ခုနှစ်၊ သြဂုတ်လအတွင်း ဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း ကျောက်မဲမြို့နယ်ပညာရေးဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။

“တစ်ချို့ကျောင်းတွေမှာက တစ်ခြားနယ်တွေကို ပြောင်းရွှေ့တာဝန်ကျသွားတဲ့ ဆရာ/ ဆရာမတွေရဲ့ နေရာတွေက လစ်လပ်နေတယ်။ လာမယ့် သြဂုတ်လထဲမှာ ကျောင်းတွေစဖွင့်တော့မှာ ဖြစ်တဲ့အတွက် အဲဒီလစ်လပ်နေရာတွေအတွက် ဘယ်လိုဖြည့်ဆည်းပေးရမလဲဆိုတာကို ပညာရေးဝန်ကြီးဌာနက ဆောင်ရွက် ပေးနေတာ ရှိပါတယ်။ အခုလစ်လပ်နေရာဖြစ်နေတဲ့ ကျောင်းတွေအပါအဝင် ကျောင်းအားလုံး တစ်ပြိုင်တည်း အဆင်ပြေပြေဖွင့်နိုင်အောင် ဆောင်ရွက်ပေးသွားဖို့ စီစဉ်နေပါတယ်” 

ဟု ကျောက်မဲမြို့နယ်ပညာရေးဦးစီးဌာနမှ မြို့နယ်ပညာရေးမှူး ဦးကျော်ရွှေက တာချီလိတ် သတင် အေဂျင်စီသို့ ဇူလိုင်လ (၁၄)ရက်နေ့တွင် ပြောသည်။

ပညာရေးဝန်ကြီးဌာနက ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ထုတ်ပြန်ခဲ့သော ဆရာ/ ဆရာမ အပြောင်းအရွှေ့ စာရင်းဇယား၌ ကျောက်မဲခရိုင်၊ မိုင်းငေါ့ မြို့နယ်၊ ကွင်းစလန်းကျေးရွာအုပ်စုရှိ  လစ်လပ်နေသည့် နေရာများအတွက် မပါဝင်သဖြင့် ကျောင်းသားမိဘများက စိုးရိမ်မှုရှိနေကြခြင်းဖြစ်သည်။

“ ဇူလိုင်လ (၉) ရက်နေ့က အော်ဒါထွက်လာတဲ့အထဲမှာ ကျွန်တော်တို့ ကွင်းစလန်းကျေးရွာနဲ့ အခြားရွာအချို့က စာသင်ကျောင်းတွေအတွက် မူလတန်းပြ ဆရာ/ဆရာမက မပါလာဘူး။ အလယ်တန်းပြနဲ့ ကျောင်းကော်မတီက ရွာခန့် ခန့်ထားတဲ့ မူလတန်းပြတွေပဲရှိတယ်။ ကော်မတီကခန့်ထားတဲ့ ဆရာတွေက သင်ရိုးသစ် မူလတန်းကို မသင်တတ်ဘူး။ ဒီတစ်ကျောင်းတည်းမှာတင် ကျောင်းသူ/သား ဦးရေက (၁၃၀) ကျော်အထိ ရှိတယ်။ အဲဒီအတွက် မူလတန်းတက်ရမယ့် ကျောင်းသူ/ သားတွေအတွက် အခက်အခဲဖြစ်မှာကို စိုးရိမ်နေရတာ” 

ဟု  ကွင်းစလန်းကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းခွဲမှ ကျောင်းကော်မတီဝင် ဦးကျော်ကျော်ဝင်း က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကျောက်မဲမြို့နယ်အတွင်း လစ်လပ်နေသည့် ကျောင်းဆရာ/ ဆရာမ အရေအတွက် (၂၀၀) ကျော်ရှိပြီး ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တစ်ခုတည်းတွင် လစ်လပ်နေရာ (၁၆၀) ကျော်ရှိသဖြင့် ကျောင်းဖွင့်ချိန်တွင် လစ်လပ်နေရာများအား အခြားကျောင်းများမှ  ဆရာ/ဆရာမ အင်အားခွဲဝေခန့်အပ်မည်ဟု သိရသည်။

လက်ရှိတွင် အခြေခံပညာအထက်တန်းအဆင့်ဖြစ်သည့် နဝမတန်း နှင့် တက္ကသိုလ်ဝင်တန်းတို့အတွက် ကျောင်းအပ် လက်ခံနေပြီဖြစ်ပြီး  အလယ်တန်းအဆင့်ကို သြဂုတ်လ (၄)ရက်နေ့တွင်လည်းကောင်း၊ မူလတန်းအဆင့်ကို သြဂုတ်လ (၁၁)ရက်နေ့တွင်လည်းကောင်း ဖွင့်လှစ်မည်ဖြစ်သည်။
Tachileik News Agency
သတင်း - နေဖြိုးမြင့်

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~