မိုင်းဖြတ်မြို့မှ အတည်ပြုလူနာ ဓါတ်ခွဲစစ်ဆေးမှု နှစ်ကြိမ်ဆက်တိုက် ပိုးမတွေ့၍ မကြာမီ ဆေးရုံဆင်းရမည်

မိုင်းဖြတ်မြို့မှ အတည်ပြုလူနာ ဓါတ်ခွဲစစ်ဆေးမှု နှစ်ကြိမ်ဆက်တိုက် ပိုးမတွေ့၍ မကြာမီ ဆေးရုံဆင်းရမည်
မေ 30, 2020
By 🌸
မိုင်းဖြတ်မြို့မှ အတည်ပြုလူနာ ဓါတ်ခွဲစစ်ဆေးမှု နှစ်ကြိမ်ဆက်တိုက် ပိုးမတွေ့၍ မကြာမီ ဆေးရုံဆင်းရမည်

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံ ပြည်သူ့ဆေးရုံတွင် ကုသမှုခံယူနေသည့် မိုင်းဖြတ်မြို့မှ အတည်ပြုလူနာ Case 64 ၏ (၈)ကြိမ်မြောက်ဓါတ်ခွဲအဖြေတွင် ပိုးမတွေ့ရကြောင်း ၂၀၂၀ ခုနှစ်၊ မေလ (၃၀)ရက်နေ့၌ ဓါတ်ခွဲအဖြေရလာ၍ ဆေးရုံတွင် (၁၄)ရက်စောင့်ကြည့်ပြီးပါက ဆေးရုံဆင်းခွင့်ရတော့မည်ဖြစ်သည်။

“ရှမ်းအရှေ့က လူနာ (၃)ယောက်မှာ နောက်ဆုံးကျန်နေတဲ့ Case 64 ကလည်း ဒီနေ့ Negative အဖြေရလာပြီဆိုတော့ (၁၄)ရက်စောင့်ကြည့်ပြီးရင် ဆေးရုံဆင်းရပါတော့မယ်။ လက်ရှိ ဆေးရုံမှာ စောင့်ကြည့်ထားတဲ့ Case 112 လည်း နောက်တစ်ပတ်ထဲလောက် ဆေးရုံဆင်းရပါမယ်”

ဟု ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ရှမ်းပြည်နယ်အရှေ့ပိုင်း ဦးစီးဌာနမှူး ဒေါက်တာမြင့်ကျော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အတည်ပြုလူနာ Case 64 ၏ မေလ (၂၆)ရက်နေ့က (၇) ကြိမ်မြောက် ဓာတ်ခွဲအဖြေတွင် ပိုးမတွေ့ရကြောင်း အဖြေရရှိပြီးနောက် မေလ (၃၀)ရက်နေ့ (၈)ကြိမ်မြောက် ဓါတ်ခွဲအဖြေတွင်လည်း ပိုးမတွေ့ရသဖြင့် ဆေးရုံတွင် စောင့်ကြည့်မှု (၁၄)ရက်ထားရှိတော့မည်ဖြစ်သည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း၏ ပထမဆုံး အတည်ပြုလူနာဖြစ်သည့် Case 64 သည် (၃)ကြိမ်မြောက် ဓာတ်ခွဲစစ်ဆေးစဉ်က ပိုးမတွေ့ကြောင်း အဖြေရပြီးနောက် (၄)ကြိမ်မြောက်၊ (၅)ကြိမ်မြောက်နှင့် (၆)ကြိမ်မြောက် စစ်ဆေးမှုများတွင် ပိုးတွေ့ရကြောင်း ဓာတ်ခွဲအဖြေရထားကာ (၇)ကြိမ်မြောက်နှင့် (၈)ကြိမ်မြောက်တွင် ပိုးမတွေ့ရကြောင်း အဖြေရလာခြင်းဖြစ်သည်။

မိုင်းဖြတ်မြို့မှ အမျိုးသားတစ်ဦးမှာ ၂၀၂၀ ခုနှစ်၊ ဧပြီလ (၁၅)ရက်နေ့တွင် ဓာတ်ခွဲအဖြေရလာခဲ့သဖြင့် ရှမ်းပြည်နယ်အရှေ့ပိုင်း၏ ပထမဆုံး COVID 19 အတည်ပြုလူနာဖြစ်လာခဲ့ပြီး ဒုတိယမြောက်လူနာအဖြစ် တာချီလိတ်မှ (Case 96) ဆရာဝန် အမျိုးသားကို ဧပြီလ (၁၈)ရက်နေ့တွင်လည်းကောင်း၊ တတိယမြောက်လူနာအဖြစ် တာချီလိတ်မှ သူနာပြုဆရာမကို (Case 112) ကို ဧပြီလ (၂၀) ရက်နေ့တွင်လည်းကောင်း အသီးသီးဓာတ်ခွဲတွေ့ခဲ့ရခြင်းဖြစ်သည်။

အတည်ပြုလူနာ (၃)ဦးအနက် Case 96 မှာ မေလ (၂၀)ရက်နေ့တွင် ဆေးရုံမှဆင်းခွင့်ရသွားပြီး Case 112 မှာလည်း ဆေးရုံဆင်းရန်အတွက် မေလ (၂၂)ရက်နေ့ကတည်းက (၁၄)ရက်စောင့်ကြည့်မှုအောက်သို့  ပြောင်းရွှေ့ထားပြီဖြစ်သည်။

 Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~