covid 19 လက္ခဏာမပြသေးဘဲ ပိုးသယ်ဆောင်သူဖြစ်နိုင်၍ (၁၄)ရက်သီးခြားစောင့်ကြည့်ခြင်းကို လိုက်နာကြရန် မကွေးတိုင်းဝန်ကြီးချုပ်က လူထုကို မေတ္တာရပ်ခံ

covid 19 လက္ခဏာမပြသေးဘဲ ပိုးသယ်ဆောင်သူဖြစ်နိုင်၍ (၁၄)ရက်သီးခြားစောင့်ကြည့်ခြင်းကို လိုက်နာကြရန် မကွေးတိုင်းဝန်ကြီးချုပ်က လူထုကို မေတ္တာရပ်ခံ
မတ် 28, 2020
By Tachileik News Agency

Source: မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့


covid 19 လက္ခဏာမပြသေးဘဲ ပိုးသယ်ဆောင်သူဖြစ်နိုင်၍ (၁၄)ရက်သီးခြားစောင့်ကြည့်ခြင်းကို လိုက်နာကြရန် မကွေးတိုင်းဝန်ကြီးချုပ်က  လူထုကို မေတ္တာရပ်ခံ

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက လတ်တလော ဖြစ်ပွားနေသော COVID-19 ရောဂါနှင့် ပတ်သက်၍ အစိုးရအဖွဲ့နှင့် ကျန်းမာရေးဌာနတို့မှ ထုတ်ပြန်သည့် ညွှန်ကြားချက်များအား တိတိကျကျလိုက်နာကြပါရန် မတ်လ(၂၈)ရက် မကွေးတိုင်းဒေသကြီးမှ ပြည်သူများအား ဗီဒီယိုဖိုင်ဖြင့် Facebook လူမှုကွန်ယက်စာမျက်နှာမှ မေတ္တာရပ်ခံပန်ကြားထားသည်။

ဝန်ကြီးချုပ်က COVID-19 ရောဂါနှင့်ပတ်သက်၍ တိုင်းအစိုးရအဖွဲ့၏ ဆောင်ရွက်ထားရှိမှုများကို ပြောကြားရာတွင် ထိုင်း၊ တရုတ်နှင့် မလေးရှား စသည့်နိုင်ငံများမှ ပြန်ဝင်လာသူများကို ပြည်ထောင်စု ကျန်းမာရေး ဝန်ကြီးဌာနက ပုဂ္ဂိုလ်များ၊ မကွေးတိုင်းမှ ကျန်းမာရေးပညာရှင် ဆရာဝန်များနှင့် ညှိနှိုင်းတိုင်ပင်၍ လက်ခံ ဆောင်ရွက်လျှက်ရှိကြောင်း ပြောကြားသည်။

“တစ်ချို့ကျတော့ သူတို့အစီအစဉ်နဲ့ သူတို့ပြန်လာကြလို့ ရွာရောက်နေပြီ။ တစ်ချို့ကျတော့လည်း ကရင်ပြည် နယ်အစိုးရအဖွဲ့ရဲ့ စီမံခန့်ခွဲမှုနဲ့ ကားတွေနဲ့ပို့ပေးတာကို မကွေးတိုင်းက သွားရောက်ခေါ်ဆောင်ပြီး Facility Quarantine နဲ့ ထားပြီး ကျန်းမာရေးစစ်ဆေးမှုပြုလုပ်ပြီး အနီးကပ်စောင့်ကြည့်နေပါတယ်။ မနေ့က မတ်လ (၂၇)ရက်နေ့ထိ မကွေးမှာ ကျား(၈၈)ဦး၊ မ(၁၉)ဦး၊ အားလုံး(၁၀၇)ဦး၊ သူတို့ကို ကွန်ပျူတာတက္ကသိုလ်နဲ့ ပညာရေးကောလိပ်မှာ နေရာချထားပေးပါတယ်။ စားဖို့သောက်ဖို့ လုပ်ငန်းရှင်များနဲ့ အလှူရှင်တွေက စောင်၊ ခေါင်းအုံး၊မွေ့ယာ၊ ခြင်ထောင်ကအစ လှူဒါန်းထောက်ပံ့ပေးထားတယ်။ ရေနံချောင်းနဲ့ချောက်တို့မှာလည်း ထားဖို့နေရာတွေရှိတယ်။ တောင်တွင်းကြီးမှာလည်း ကျား(၉၁)ဦး၊ မ(၃၂)ဦး၊ စုစုပေါင်း (၁၂၃)ဦး၊ မြို့သစ်မှာ ကျား(၂၇၂)ဦး၊  မ(၉၄)ဦး၊စုစုပေါင်း(၃၆၆)ဦး၊ မကွေးခရိုင်အတွင်း စုစုပေါင်း ကျား(၄၅၂)ဦး၊ မ(၁၄၈)ဦး၊စုစု ပေါင်း (၆၀၀)ဦး၊ မင်းဘူးမှာ ကျား(၁၀၅)ဦး၊ မ(၁၄၂)ဦး၊ သရက်နဲ့ ပခုက္ကူတို့မှာလည်း ထားတာတွေရှိတယ်။ အတတ်နိုင်ဆုံး ရောဂါကာကွယ်ထိန်းချုပ်နိုင်အောင်ကြိုးပမ်းလျှက်ရှိပါတယ်”ဟု ပြောသည်။

ဆက်လက်၍ ကမ္ဘာ့ကပ်ရောဂါအသွင်ဖြစ်သဖြင့် ထိန်းချုပ်ကာကွယ်နိုင်ရန် အစိုးရအဖွဲ့နှင့် ကျန်းမာရေးဌာန တို့မှ ထုတ်ပြန်သည့် လမ်းညွှန်ချက်များအတိုင်း တိတိကျကျလိုက်နာဆောင်ရွက်ရန် တိုင်းအတွင်းရှိပြည်သူ များအား ဝန်ကြီးချုပ်က  မေတ္တာရပ်ခံပန်ကြားသည်။

“ကမ္ဘာ့ကပ်ရောဂါအသွင်ဖြစ်သော်လည်းပဲ တိတိကျကျနဲ့ ကြိုးပမ်းဆောင်ရွက်ကြမယ်ဆိုရင် ထိန်းချုပ်နိုင်တဲ့ ရောဂါဖြစ်တယ်လို့ WHO ကပြောထားတယ်။ ဒါ့ကြောင့် တိုင်းအတွင်းကပြည်သူတွေအနေနဲ့ အစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်တွေကို တိတိကျကျလိုက်နာစေလိုပါတယ်။ မလိုအပ်ဘဲပွဲလမ်းသဘင်တွေ မလုပ်ကြပါနဲ့။ အိမ်ထဲက အပြင်ကို တတ်နိုင်သမျှ မထွက်ကြပါနဲ့။ နိုင်ငံကြီးတွေတောင်မှ အသေအပျောက်တွေရှိနေပြီး မနည်းထိန်းချုပ်နေရတာ သူတို့ထက်စာရင် ကျနော်တို့က နည်းပညာ၊အတတ်ပညာ ဘဏ္ဍာငွေကြေးအရ ရောအများကြီးချို့တဲ့တော့ အကောင်းဆုံနည်းက ရောဂါမပြန့်ပွားအောင် ကာကွယ်တားဆီးနည်းပါပဲ။ ထိန်း ချုပ်ရေးတွေလုပ်ရတာက မိသားစု၊ ရပ်ရွာ၊ မြို့နယ်၊ တိုင်း၊ နိုင်ငံအတွက် သေရေးရှင်ရေးလိုအပ်ချက်အရ လုပ်ရတယ်ဆိုတာ ပြည်သူလူထုက နားလည်သဘောပေါက်ပြီး အစိုးရအဖွဲ့နဲ့ ကျန်းမာရေးဌာနတွေက ထုတ်ပြန်တဲစည်းမျဉ်းစည်းကမ်းတွေကို လိုက်နာပြီး ပူးပေါင်းဆောင်ရွက်ပေးကြပါလို့ လေးစားစွာ မေတ္တာ ရပ်ခံလိုပါတယ်”ဟု ပြောကြားသည်။

မြန်မာနိုင်ငံတွင် မတ်လ (၂၇) ရက်နေ့အထိ အတည်ပြုလူနာ (၈)ဦးရှိနေပြီဖြစ်ပြီး ရောဂါဖြစ်ပွားရာဒေသများမှ ပြန်လာသူများ အများအပြားရှိနေသဖြင့် ရောဂါလက္ခဏာမပြသေးဘဲ ပိုးသယ်ဆောင်ထားသူ ပါဝင်လာပါက ကန့်သတ်ခြင်းမပြုလုပ်ပါက လူအများအပြားသို့ ကူးစက်နိုင်သဖြင့် နိုင်ငံခြားမှ ပြန်လာသူတိုင်း (၁၄)ရက်အတွင်း ရောဂါလက္ခဏာပြသခြင်း ရှိ၊မရှိ စောင့်ကြည့်ကြရန် တိုက်တွန်းထားခြင်းဖြစ်သည်။

သတင်း-ဖီးနစ်
ဓာတ်ပုံ-သန်းနိုင်ဦး
Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~