တာချီလိတ်မြို့ရှိ အထက(တာချီလိတ်)၏ KG တန်းတွင် Covid-19 တွေ့ရှိထားပြီး အချို့အတန်းများတွင် ဖျားနာနေသည့် ကျောင်းသားများရှိနေသော်လည်း ပိုးတွေ့သံသယ အတန်းများကိုသာ ယာယီ ပိတ်ထား

အခြေခံပညာအထက်တန်းကျောင်း(တာချီလိတ်)အတွင်း
အခြေခံပညာအထက်တန်းကျောင်း(တာချီလိတ်)အတွင်း
တာချီလိတ်မြို့ရှိ အထက(တာချီလိတ်)၏ KG တန်းတွင် Covid-19 တွေ့ရှိထားပြီး အချို့အတန်းများတွင် ဖျားနာနေသည့် ကျောင်းသားများရှိနေသော်လည်း ပိုးတွေ့သံသယ အတန်းများကိုသာ ယာယီ ပိတ်ထား
ဖေဖော်ဝါရီ 16, 2022 | Covid-19| ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်း(တာချီလိတ်)တွင် KG တန်း အပါအဝင် အချို့အတန်းများတွင် Covid-19 ကူးစက်မှုများဖြစ်ပွားနေသော်လည်း ကျောင်းကို အတန်းလိုက် ကွက်၍ ပိတ်ထားကြောင်း သိရသည်။

အထက(တာချီလိတ်)တွင် KG အတန်းမှ ဆရာမ(၂)ဦး နှင့် ကျောင်းသား(၂)ဦးတို့တွင် Covid-19 တွေ့ထားသည်ဟု သိရသည်။

ယင်းအပြင်  Grade (1)တွင် ကျောင်းသား ကျောင်းသူ (၆)ဦး ဖျားနာနေသလို၊ Grade (10)မှ ကျောင်းသား ကျောင်းသူ (၅)ဦးမှာလည်း ဖျားနာနေသည့်အတွက် KG တန်း အပါအဝင် Grade (1) နှင့် Grade (10)အတန်းများကိုသာ ယာယီပိတ်ထားကြောင်း ပညာရေးအသိုင်းအဝန်းထံက သိရသည်။

ဖျားနာနေသည့် ကျောင်းသားများကိုလည်း Covid-19 စစ်ဆေးခြင်း မပြုလုပ်သေးဘဲ စောင့်ကြည့်နေသည်ဟု သိရသည်။

KG အတန်းမှာ ကိုဗစ်တွေ့လို့ မနေ့ကတည်းက ပိတ်လိုက်ရတယ်။ တနင်္လာနေ့မှ ဖွင့်မယ်လို့ ကြားပေမဲ့ ဘယ်နေ့ပြန်ဖွင့်မယ်ဆိုတာကိုတော့ သေချာမသိရသေးဘူး။ တချို့ အတန်းတွေမှာလည်း ဖျားနာနေတဲ့  ကိုဗစ်သံသယတွေ တွေ့လို့ အတန်းပိတ်ထားတာတွေရှိတယ်။ အခုက တာချီလိတ်မှာက စနစ်တကျ မစစ်လို့ သေချာ မသိရတာ ကတယ်က ကိုဗစ်က ပြန့်နေပြီ။ ကျောင်းမှာ ကိုဗစ်တွေ့လို့ အတန်းတွေပဲ ပိတ်တယ်ဆိုတာက အဓိပ္ပာယ်မရှိဘူး။ ကလေးတွေက ကျောင်းထဲမှာ မုန့်စားဆင်းချိန်ဆို မုန့်သွားဝယ်စားတာတွေ လျှောက်ဆော့တာတွေ ရှိနေတာပဲ။ ပိတ်ရင်းပိတ် တစ်ကျောင်းလုံး ပိတ်ပြီး သက်ဆိုင်ရာက စစ်ဆေးပေးသင့်တယ်။

ဟု ပညာရေးနှင့် နီးစပ်သူတစ်ဦးက Tachileik News Agency သို့ ဖေဖော်ဝါရီလ(၁၆)ရက်နေ့ တွင် ပြောသည်။

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပြည်သူများ၏ ကျန်းမာရေးကို ဦးစားပေးရေးထက် ၎င်း၏ လုပ်ရပ်များ အထမြောက်ရေးကိုသာ ဦးစားပေးပြီး စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ရေးကို အဓိက ကြိုးပမ်းကာ  Covid-19 တတိယလှိုင်းအတွင်းမှာပင် ကျောင်းများဖွင့်လှစ်ကာ ကျောင်းတက်ခိုင်းစေပြီး၊ ကျောင်းတွင် Covid-19 ကူးစက်ခံထားရသည်ကို တွေ့ရပါကလည်း တွေ့သည့် အခန်းကိုသာ ပိတ်ခိုင်းသည်ဟု သိရသည်။