တရုတ်တွင် COVID-19 ကူးစက်မှုများ မြင့်တက်နေပြီး ဘေဂျင်းမြို့တော်ရှိ ခရိုင်များအတွင်း ကျောင်းများပိတ်ထား

Photo: REUTERS/Aly Song,
Photo: REUTERS/Aly Song,
တရုတ်တွင် COVID-19 ကူးစက်မှုများ မြင့်တက်နေပြီး ဘေဂျင်းမြို့တော်ရှိ ခရိုင်များအတွင်း ကျောင်းများပိတ်ထား
နိုဝင်ဘာ 22, 2022 | နိုင်ငံတကာသတင်း| Covid-19
By Mr John

တရုတ်နိုင်ငံတွင် COVID-19 ကူးစက်မှုများ သိသိသာသာ မြင့်တက်နေရာ ဘေဂျင်းမြို့တော်ရှိ ခရိုင်များအတွင်း နိုဝင်ဘာလ (၂၁) ရက်နေ့မှစပြီး စာသင်ကျောင်းများ ပိတ်ထားပြီး အွန်လိုင်းမှတစ်ဆင့် သင်ကြားကြရန်နှင့် ကူးစက်မှု အဆိုးဆုံး နေရာအချို့၌ နေအိမ်တွင်သာ နေကြရန် အစိုးရအရာရှိများက ညွှန်ကြားထားကြောင်း သိရသည်။

နိုင်ငံအလယ်ပိုင်း ဟဲနန် ပြည်နယ် Zhengzhou မြို့မှ အနောက်တောင်ပိုင်းရှိ Chongqing မြို့အထိ COVID-19 ကူးစက်မှုများ မြင့်တက်နေခြင်းကို တရုတ်အာဏာပိုင်များ ကိုင်တွယ်ဖြေရှင်းနေရသည်။ 

နိုဝင်ဘာလ (၂၀) ရက်နေ့၏ ထုတ်ပြန်ချက်အရ တရုတ်တွင် COVID-19 ကူးစက်မှုအသစ် (၂၆,၈၂၄)ဦး စစ်ဆေးတွေ့ရှိခဲ့ရာ ဧပြီလအတွင်း ကပ်ရောဂါဖြစ်ပွားမှု အထွတ်အထိပ်ရောက်ခဲ့စဥ်က နေ့အလိုက် ကူးစက်မှုနှုန်းနီးပါးဖြစ်ကြောင်း သိရသည်။

ထို့အပြင် ဘေဂျင်းမြို့တွင် COVID-19 ကြောင့် သေဆုံးသူ (၂) ဦးရှိလာခဲ့ပြီး နိုဝင်ဘာလ (၁၉) ရက်နေ့က (၁) ဦး သေဆုံးခဲ့ရာမှ မြင့်တက်လာခြင်း ဖြစ်သည်။ 

နိုဝင်ဘာလ (၁၉) ရက်နေ့က သေဆုံးမှုမှာ တရုတ်တွင် မေလနှောင်းပိုင်းမှစပြီး COVID-19 ကြောင့် ပထမဆုံး သေဆုံးမှုဖြစ်ကြောင်းလည်း သိရသည်။ 

လူဦးရေ (၁၉) သန်းနီးပါးရှိသည့် နိုင်ငံတောင်ပိုင်း Guangzhou မြို့တွင် တရုတ်နိုင်ငံ၏ လက်တလော ကူးစက်ဖြစ်ပွားမှုများအနက် အကြီးဆုံးကို ရင်ဆိုင်နေရသည်။

Guangzhou မြို့၏ လူဦးရေအထူထပ်ဆုံး Baiyun ခရိုင်ကို (၅) ရက်ကြာ lockdown လုပ်ထားသည်။ 

ထို့အတူ မြို့၏ အဓိက စီးပွားရေးခရိုင်ရှိ စားသောက်ဆိုင်များတွင် ဆိုင်ထိုင်စားနိုင်သည့် ဝန်ဆောင်မှုကို ရပ်ဆိုင်းထားပြီး နိုက်ကလပ်များနှင့် ရုပ်ရှင်ရုံများကို ပိတ်ထားကြောင်းလည်း သိရသည်။ 

နိုဝင်ဘာလ (၂၀) ရက်နေ့က ဘေဂျင်းမြို့တော်တွင် ကူးစက်မှုအသစ် (၉၆၂) ခု တွေ့ရှိရပြီး ယမန်နေ့က (၆၂၁) ဦး တွေ့ရှိထားရာမှ မြင့်တက်လာခဲ့သည်။ 

လူဦးရေ (၃.၅) သန်းရှိသည့် ဘေဂျင်းမြို့၏ Chaoyang ခရိုင်တွင် ဒေသခံများကို နေအိမ်တွင်သာ နေကြရန် တိုက်တွန်းထားပြီး ကျောင်းများကိုလည်း အွန်လိုင်းမှသင်ကြားကြရန် ညွှန်ကြားထားကြောင်း သိရသည်။

Source: Reuters