မိုင်းဖြတ်မြို့နယ်အတွင်း မက်မွန်ကျယ်(အောက်)ကျေးရွာတွင် နေအိမ်(၁၈)လုံး မီးလောင်သွား၍ သွားရောက် ထောက်ပံ့၊ အလှူရှင်များ၏ အကူအညီများ ဆက်လက်လိုအပ်

မိုင်းဖြတ်မြို့နယ်အတွင်း မက်မွန်ကျယ်(အောက်)ကျေးရွာတွင် နေအိမ်(၁၈)လုံး မီးလောင်သွား၍ သွားရောက် ထောက်ပံ့၊ အလှူရှင်များ၏ အကူအညီများ ဆက်လက်လိုအပ်
မတ် 28, 2020
By Tachileik News Agency
မိုင်းဖြတ်မြို့နယ်အတွင်း မက်မွန်ကျယ်(အောက်)ကျေးရွာတွင် နေအိမ်(၁၈)လုံး မီးလောင်သွား၍ သွားရောက် ထောက်ပံ့၊ အလှူရှင်များ၏ အကူအညီများ ဆက်လက်လိုအပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်၊ နမ့်ယွန်းကျေးရွာအုပ်စု၊ မက်မွန်ကျယ် (အောက်) ကျေးရွာတွင် မီးဘေးသင့်သွားသည့် လူနေအိမ် (၁၈)လုံး ပြန်လည်တည်ဆောက်ရေးအတွက် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ ပါဝင်သည့်အဖွဲ့က ၂၀၂၀ ခုနှစ်၊ မတ်လ (၂၈)ရက်နေ့တွင် အိမ်ဆောက်ပစ္စည်းများ သွားရောက်ပံ့ပိုးပေးထားကြောင်း သိရသည်။

အဆိုပါ ကျေးရွာတွင် မတ်လ (၂၅) ရက်နေ့ နေ့လယ် (၂)နာရီကျော်က တောမီးမှတစ်ဆင့် ကျေးရွာသို့ မီးကူးစက်လောင်ကျွမ်း သဖြင့် လူနေအိမ် (၁၈)လုံး မီးလောင် ဆုံးရှုံးသွားခြင်းဖြစ်သည်။

ဒီမှာ အိမ်ခြေ (၂၈)အိမ်ရှိတာမှာ တောမီးကဆက်စပ်လောင်တာ (၁၈) အိမ်ပါသွားတာ။ တောင်ထိပ်မှာလည်းဖြစ် ရေကရှားတော့ မီးငြှိမ်းသတ်တာ အခက်အခဲဖြစ်ရတယ်။ မြို့ပြနဲ့လည်းအလှမ်းဝေးတော့ မီးသတ်ကားလည်း အလွယ်တကူမရောက်နိုင်ဖြစ်ပြီး (၁၈) အိမ်လောင်သွားတယ်။ ပြန်လည်ထူထောင်ရေးအတွက် မိုင်းဖြတ်က လူထုရော၊ တာဝန်ရှိတဲ့သူရော၊ သက်ဆိုင်ရာဌာနဆိုင်ရာရော၊ မြို့ပေါ်ကအလှူရှင်တွေရော လာလှူပေးကြပါတယ်။ အခုက ပြန်လည်ထူထောင်ရေးအတွက် တာချီလိတ်ကပြည်သူတွေ လှူဒါန်းထားတဲ့ တစ်အိမ်ကို သိပ်အချပ် (၆၀)၊ ခေါင်သွပ်(၁)လိပ်၊ အိမ်ရိုက်သံမျိုးစုံ (၁)ထုပ်စီ လာလှူပေးတာ။ နောက် အမျိုးသမီးရေးရာအဖွဲ့ကလည်း သူတို့တတ်နိုင်သလောက် စားသောက်စရာတွေ လှူပေးကြတယ်

ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးဦးမြင့်နိုင်က ပြောသည်။

မီးလောင်မှုဖြစ်ပွားရာ အဆိုပါ ကျေးရွာသို့ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဉီးမြင့်နိုင်၊ ခေတ္တ မိုင်းဖြတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးပြည့်နှင့် တာချီလိတ်ခရိုင် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါ်ဌေးဌေးမော်နှင့်အဖွဲ့မှ သွားရောက်ကာ လက်ဝယ်အရောက် ပေးအပ်လှူဒါန်းခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါ မီးဘေးသင့်ပြည်သူများအတွက် တာဟွာတရုတ်ဘုံကျောင်း(ပါလျှံတရုတ်ဘုံကျောင်း)အဖွဲ့နှင့်အလှူရှင်များကလည်း မတ်လ(၂၈)ရက်နေ့ နံနက်ပိုင်းက ထိုင်းဘတ်ငွေ (၁၂၄,၃၀၀)ဘတ်ကို တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးထံ လှူဒါန်းပေးထားကြောင်း သိရသည်။

အဆိုပါ ကျေးရွာမှာ စိုက်ပျိုးရေးအဓိက လုပ်ကိုင်ကြပြီး မီးလောင်မှုအတွင်း ဆန်စပါးကြိတ်စက်ငယ်များနှင့် လယ်ယာသုံးပစ္စည်းများပါ မီးလောင်ဆုံးရှုံးသွားသဖြင့် ပြန်လည်ထူထောင်ရေးအတွက် ကူညီလိုသူများ မိုင်းဖြတ်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင်လည်းကောင်း၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးရုံးတွင်လည်းကောင်း ဆက်သွယ်လှူဒါန်းနိုင်ကြကြောင်း သိရသည်။

Tachileik News Agency
သတင်း/ဓါတ်ပုံ - ကျော်ဇင်ဟိန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~