တာချီလိတ်သို့ ထိုင်းနိုင်ငံဘက်က နေရပ်ပြန် မြန်မာနိုင်ငံသား (၄၉)ဦးကို နောက်ဆုံးအနေဖြင့် အဝင် လက်ခံကာ နေရပ်ပြန်နိုင်ရန် ကူညီပေးထား

တာချီလိတ်သို့ ထိုင်းနိုင်ငံဘက်က နေရပ်ပြန် မြန်မာနိုင်ငံသား (၄၉)ဦးကို နောက်ဆုံးအနေဖြင့် အဝင် လက်ခံကာ နေရပ်ပြန်နိုင်ရန် ကူညီပေးထား
မတ် 29, 2020
By Tachileik News Agency
တာချီလိတ်သို့ ထိုင်းနိုင်ငံဘက်က နေရပ်ပြန် မြန်မာနိုင်ငံသား (၄၉)ဦးကို နောက်ဆုံးအနေဖြင့် အဝင် လက်ခံကာ နေရပ်ပြန်နိုင်ရန် ကူညီပေးထား

မြန်မာ - ထိုင်းဒေသ တာချီလိတ်မြို့တွင် ၂၀၂၀ ခုနှစ်၊ မတ်လ (၂၉) ရက်နေ့ ညနေပိုင်းက ထိုင်းနိုင်ငံဘက်မှ နေရပ်ပြန်လာသူ (၄၉)ဦးကို တာချီလိတ်နှင့် မယ်ဆိုင် တာဝန်ရှိသူများ ညှိနှိုင်းပြီး တရားဝင်ပိတ်ထားသည့် နယ်စပ်ဂိတ်မှ ဝင်ခွင့်ပြုလိုက်သည်။

“ဒီကနေ့တော့ ထိုင်းဘက်က ပြန်လာတဲ့ မြန်မာလုပ်သား (၄၉)ဦးကို ဝင်ခွင့်ပေးလိုက်တယ်။ ဒါက နောက်ဆုံးပါပဲခင်ဗျ။ ပိတ်ပါပြီ။ လုံးဝအဝင် မရတော့ပါဘူး”ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ နေရပ်ပြန်များသည် မတ်လ (၂၈)ရက်နေ့ ကတည်းက နယ်စပ်ဂိတ်သို့ ရောက်နေကြခြင်းဖြစ်ပြီး ဖြတ်သန်းခွင့် မပေးသဖြင့် မယ်ဆိုင်ဘက်ခြမ်း နယ်စပ်ဂိတ်တွင် ညအိပ်စောင့်ဆိုင်းခဲ့ကြသူများဖြစ်သည်။

မတ်လ (၂၉)ရက်နေ့ နံနက်ပိုင်းတွင် တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူးက မယ်ဆိုင်မြို့နယ်အုပ်ချုပ်ရေးမှူးထံ ဆက်သွယ်၍ မြန်မာလုပ်သားများအတွက် ယာယီနေထိုင်ရန်အတွက် နေရာစီစဉ်ပေးရန်နှင့် စားသောက်စရိတ်ကို တာချီလိတ်ဘက်မှ ပေးပို့ရန် ညှိနှိုင်းသဘောတူခဲ့ကြသော်လည်း နေ့လယ်ပိုင်းတွင် အစီအစဉ်ပြောင်းကာ နောက်ဆုံးအသုတ်အဖြစ် ဝင်ခွင့်ပြုလိုက်ခြင်းဖြစ်သည်။

ပြန်ရောက်လာသူများသည် ထိုင်းနိုင်ငံ ဘန်ကောက်ဘက်က အများဆုံးပါဝင်ပြီး ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်ထဲက ဖြစ်ကြောင်း သိရသည်။

တာချီလိတ်- မယ်ဆိုင် နယ်စပ်ဂိတ်များကို မတ်လ (၂၃) ရက်နေ့မှစ၍ ထိုင်းဘက်က တရားဝင် ပိတ်ထားလိုက်ပြီ ဖြစ်သော်လည်း နေရပ်ပြန်မြန်မာများက နယ်စပ်ဂိတ်များသို့ စုပြုံရောက်လာနေသဖြင့် နယ်စပ်ဂိတ် စတင်ပိတ်သည့် မတ်လ (၂၃)ရက်နေ့မှစ၍ မတ်လ (၂၉)ရက်နေ့အထိ (၆)ကြိမ်အတွင်း လူဦးရေ စုစုပေါင်း (၁၆၀၀)ကျော်ကို မြန်မာဘက်သို့ ဝင်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

နယ်စပ် မယ်ဆိုင်ဘက်၌ မတ်လ (၂၇)ရက်နေ့က အတည်ပြုလူနာ (၂)ဦးတွေ့ထားပြီး ၎င်းတို့နှင့် ဆက်စပ်ထိတွေ့ခဲ့သူများအား (၁၄)ရက်စောင့်ကြည့်နေဆဲဖြစ်သည်။

Tachileik News Agency
သတင်း/ဓါတ်ပုံ - ကျော်ဇင်ဟိန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~