ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ တိုင်းရင်းသား လူမျိုးစု (၁၀) မျိုး၏ ရိုးရာပွဲတော်တွင် မြန်မာ့ရိုးရာအိမ်ပါဝင်ပြသမည်

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ တိုင်းရင်းသား လူမျိုးစု (၁၀) မျိုး၏ ရိုးရာပွဲတော်တွင် မြန်မာ့ရိုးရာအိမ်ပါဝင်ပြသမည်
ဒီဇင်ဘာ 5, 2019
By 🌸

မြန်မာ-ထိုင်းနယ်စပ် မယ်ဆိုင်မြို့တွင် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၆)ရက်နေ့မှ (၁၀)ရက်နေ့အထိ ကျင်းပမည့် တိုင်းရင်းသား လူမျိုးစု (၁၀) မျိုး၏ ရိုးရာပွဲတော်အခမ်းအနားတွင် မြန်မာ့ရိုးရာအိမ်တစ်လုံးလည်း ပါဝင်ပြသမည်ဖြစ်ကြောင်း သိရသည်။

မယ်ဆိုင်မြို့ လိုတပ်ကုန်တိုက်သွားရာလမ်း ချဲင်းဆန်မီးပွိုင့်လမ်းဆုံအနီး၊ လက်ဖက်ခြံအတွင်း (၅)ရက်ကြာကျင်းပမည့် တိုင်းရင်းသားရိုးရာပွဲတော် ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ (၇) ရက်နေ့ ထိုင်းစံတော်ချိန် ညနေ (၆) နာရီ၌ ကျင်းပမည်ဖြစ်ရာ ထိုင်းနိုင်ငံမှ တာဝန်ရှိသူများနှင့်အတူ ထိုင်းနှင့်လာအိုနိုင်ငံတို့မှ တာဝန်ရှိသူများလည်း တက်ရောက်ဖွင့်လှစ်ကြမည်ဖြစ်သည်။

"တိုင်းရင်းသား ရိုးရာအိမ် (၁၀) လုံးပါမယ်။ တိုင်းရင်းသား လူမျိုးတစ်မျိုးကို အိမ်တစ်လုံးစီပေါ့။ သူတို့ရိုးရာယဉ်ကျေးမှု အိမ်ပုံစံတွေလာပြမှာပေါ့။ မယ်ဆိုင်စည်ပင်သာယာရေးကော်မတီက ဦးစီးကျင်းပတာပေါ့။ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးကို အကြောင်းကြားပြီးတော့ နှစ် နိုင်ငံပူးပေါင်းဆောင်ရွက်တာပေါ့။ တာချီလိတ်ဘက်ကနေ ရိုးရိုးလာကြည့်ချင်တဲ့ သူတွေအနေနဲ့ ပုံမှန်တံတားကူးလက်မှတ်နဲ့ လာလို့ရပါတယ်"ဟု ဦးထွန်း(မယ်ဆိုင်) က တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

ပြပွဲတွင် မြန်မာ၊ ထိုင်းနှင့် လာအိုနိုင်ငံတွင်းမှ  လူနေမှုဘဝပုံစံ၊ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးစံများကို ပါဝင်ပြသကြမည်ဖြစ်ရာ  မြန်မာ့ရိုးရာအိမ်တွင် ရွှေတိဂုံစေတီတော် ပုံစံတူ၊ ကျိုက်ထီရိုးစေတီတော်ပုံစံတူ၊ ပုဂံဘုရားပုံတူများ ပြသခြင်းအပြင်  မြန်မာ့ရိုးရာအစားအစာများဖြစ်သည့် ထမနဲ၊ မုန့်လုံးရေပေါ်၊ မုန့်လက်ဆောင်း၊ မုန့်ဟင်းခါး၊ ကြာဆံဟင်းခါးနှင့် မြန်မာရိုးရာ ဝတ်စုံများကိုလည်း ရောင်းချပေးနိုင်ရန်စီစဉ်ထားကြောင်း သိရသည်။

ပြပွဲအတွင်း ဝင်ကြေးအခမဲ့ဖြင့် ပြသသွားမည်ဖြစ်ရာ တာချီလိတ်ဘက်မှ သွားရောက်လည်ပတ်လိုသူများလည်း လာရောက်လည်ပတ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - ကျော်ဇင်ဟိန်း


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~