ကယားပြည်နယ် မယ်စဲ့နယ်စပ်ဂိတ် တရားဝင် မဖွင့်ရသေးသော်လည်း ဖြတ်သန်းခွင့်ပြုထား

ကယားပြည်နယ် မယ်စဲ့နယ်စပ်ဂိတ် တရားဝင် မဖွင့်ရသေးသော်လည်း ဖြတ်သန်းခွင့်ပြုထား
ဒီဇင်ဘာ 1, 2019
By Tachileik News Agency
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်ရှိ မြန်မာ - ထိုင်းနယ်စပ်ဂိတ်ကို တရားဝင် ဖွင့်လှစ်နိုင်ခြင်း မရှိသေးသော်လည်း နှစ်နိုင်ငံ ဒေသအာဏာပိုင်များ၏ အစီအစဉ်ဖြင့် ဒေသခံများကို ဖြတ်သန်းသွားလာခွင့် ပြုထားခြင်းဖြစ်ကြောင်း သိရသည်။
မယ်စဲ့နယ်စပ်ကုန်သွယ်ရေးစခန်းကို ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ (၂၇)ရက်နေ့၌ စတင်ဖွင့်လှစ်ခဲ့ပြီးနောက်  မြန်မာ-ထိုင်းနယ်စပ် BP-13 ရှိ (၁) မိုင်ခန့်အား နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနမှ ဦးဆောင်၍ နယ်နိမိတ်တိုင်းတာ သတ်မှတ်ပေးနိုင်ရေး (၃၃)ကြိမ်မြောက် နယ်ခြားကော်မတီ အစည်းအဝေးတွင် ထည့်သွင်း ဆွေးနွေးပေးနိုင်ရန် တင်ပြထားဆဲဖြစ်ကြောင်း သိရသည်။ 
ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ် နယ်နိမိတ်မှတ်တိုင်အမှတ် BP-13 နယ်စပ်ဂိတ်နှင့် ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်ရှိ ဟွေ့တနွန်နယ်စပ် ဝင်/ထွက်ပေါက်ကို မြန်မာ-ထိုင်းနှစ်နိုင်ငံ ဒေသအာဏာပိုင်များ၏ အစီအစဉ်အရ ဖြတ်သန်းခွင့်ပြုနေခြင်းဖြစ်ကြောင်း ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၂၉)ရက်နေ့က ကျင်းပသည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄) ကြိမ်မြောက် ပုံမှန်အစည်းအဝေး နဝမနေ့တွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားခဲ့ခြင်းဖြစ်သည်။
မယ်စဲ့ မဲဆန္ဒနယ်မှ ဦးသန်းလင်းလင်းက ကယားပြည်နယ်အတွင်း နှစ်နိုင်ငံတရားဝင် သွားလာခွင့်နှင့် ကုန်သွယ်ခွင့် ရရှိရန် မယ်စဲ့မြို့နယ်ရှိ ဟိုစဲ့ကျေးရွာ BP-14 နယ်စပ်ဂိတ်နှင့် ထိုင်းနိုင်ငံ၊ ဆောင်ဟိန်ကျေးရွာ နယ်စပ်ဂိတ်တို့ကို ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့ခြင်းဖြစ်သည်။
ကယားပြည်နယ်အတွင်း နယ်နမိတ်မှတ်တိုင် BP-13 ရှိ မယ်စဲ့-မယ်ဟောင်ဆောင်နယ်စပ်ဂိတ်ကို တရားဝင် ဖွင့်လှစ်နိုင်ရန် နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ထိုင်းနိုင်ငံနှင့် တရားဝင်ဂိတ်ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းဆောင်ရွက်ဆဲ ဖြစ်၍ အဆိုပါနယ်စပ်ဂိတ်နှင့် (၇)မိုင်ခန့်သာဝေးသည့် BP 14 တွင် နယ်စပ်ဂိတ် ဖွင့်လှစ်ပေးရန်မရှိကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ဖြေကြားခဲ့သည်။
လက်ရှိတွင် မြန်မာနှင့်ထိုင်းနှစ်နိုင်ငံကြား နယ်စပ် ဖြတ်သန်းသွားလာရေးဆိုင်ရာ သဘောတူစာချုပ်အရ အပြည်ပြည်ဆိုင်ရာ ဝင်/ထွက်ပေါက်အဖြစ် တာချီလိတ်-မယ်ဆိုင်၊ မြဝတီ-မဲဆောက်၊ ကော့သောင်း-ရနောင်း၊ ထီးခီး-ဖူနာရွန်နယ်စပ်ဂိတ် (၄)ခုကိုသာ လက်မှတ်ရေးထိုးဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း သိရသည်။
Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~