မိုင်းတုံမြို့တွင် ကလေးငယ်၏ လည်ပင်းအတွင်းမှ ထိုင်းငွေ ၅ဘတ်စေ့ အောင်မြင်စွာ ထုတ်နိုင်ခဲ့

မိုင်းတုံမြို့တွင် ကလေးငယ်၏ လည်ပင်းအတွင်းမှ ထိုင်းငွေ ၅ဘတ်စေ့ အောင်မြင်စွာ ထုတ်နိုင်ခဲ့
ဒီဇင်ဘာ 1, 2019
By Tachileik News Agency

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံမြို့တွင် ကလေးငယ်များ ငွေအကြွေစေ့ မျိုချမိခြင်း မကြာခဏ ဖြစ်ပွားလေ့ရှိပြီး ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၂၉)ရက်နေ့ကလည်း အကြွေစေ့မျိုချမိသည့် ကလေးငယ်တစ်ဦး မိုင်းတုံပြည်သူ့ဆေးရုံသို့ လာရောက်ကုသမှုခံယူခဲ့ကြောင်း သိရသည်။

“ဒီဘက်မှာ ကလေးတွေက ဆော့ရင်း ကစားရင်း ဘတ်စေ့မျိုချမိတတ်တာတွေ ဖြစ်လေ့ရှိတယ်။ ကျွန်တော် ဒီဆေးရုံမှာ တာဝန်မကျခင်တုန်းကလည်း ဒီလိုပဲ ကုပေးရတာတွေ ရှိတယ်ပြောတယ်။ ကျွန်တော် ပြောင်းလာပြီးမှ ကုပေးရတာကို အခုတစ်ယောက်နဲ့ဆို (၃)ယောက်ရှိပြီ။ ဒီတစ်ယောက်ကတော့   ဖြစ်ဖြစ်ချင်းပဲ ရောက်လာကြတယ်။ အကြွေစေ့က အစာမျိုပြွန်ဘက်မှာ ဒေါင်လိုက်ဆိုတော့ အသက်ရှုရပ်သွားတာမျိုးတော့ မဖြစ်ဘူးပေါ့။ သူ့အရင်က ဒုတိယဖြစ်တဲ့တစ်ယောက်ဆို ထမင်းတွေ ဘာတွေတောင် စားနေနိုင်တယ်။ သူတို့ထင်တာ ဗိုက်ထဲကျသွားတယ် ထင်တာပေါ့။ ဓါတ်မှန်ရိုက်ကြည့်တော့မှ လည်ပင်းမှာပဲရှိနေတာတွေ့လို့ ပြန်ထုတ်ရတယ်။ ထုတ်လိုက်တော့ အကြွေစေ့က သံချေးတောင် တက်နေပြီ”ဟု မိုင်းတုံမြို့နယ်ပြည်သူ့ဆေးရုံအုပ် ဒေါက်တာသက်ခိုင်မင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ထိုင်းနိုင်ငံနှင့်နယ်စပ်ဖြစ်သည့် ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသများတွင် ထိုင်းဘတ်ငွေကို အသုံးပြုလေ့ရှိရာ ဘတ်ငွေ အကြွေစေ့များကို ကလေးငယ်များက ဆော့ကစားရင်း မျိုချမိသည့်ဖြစ်စဉ်များ မကြာခဏ ကြုံရလေ့ရှိသဖြင့် ကလေးအုပ်ထိန်းသူများအနေဖြင့် သတိထားသင့်ကြောင်း ဆရာဝန်က အကြံပြုသည်။

Tachileik News Agency



~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~