နယ်စပ်ဒေသ တာချီလိတ်တွင် မူးယစ်သတင်းအရ စစ်ဆေးမှုအတွင်း ပစ်ခတ်မှုဖြစ်၍ တစ်ဦး အသေဖမ်းမိပြီး နှစ်ဦး လွတ်မြောက်နေ

နယ်စပ်ဒေသ တာချီလိတ်တွင် မူးယစ်သတင်းအရ စစ်ဆေးမှုအတွင်း ပစ်ခတ်မှုဖြစ်၍ တစ်ဦး အသေဖမ်းမိပြီး နှစ်ဦး လွတ်မြောက်နေ
နိုဝင်ဘာ 10, 2019
By Tachileik News Agency
နယ်စပ်ဒေသ တာချီလိတ်တွင် မူးယစ်သတင်းအရ စစ်ဆေးမှုအတွင်း ပစ်ခတ်မှုဖြစ်၍ တစ်ဦး အသေဖမ်းမိပြီး နှစ်ဦး လွတ်မြောက်နေ

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု၊ ဟွေလုကျေးရွာ အထွက်တွင် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၉)ရက်နေ့ ည (၇)နာရီခွဲဝန်းကျင်က မော်တော်ယာဉ်တစ်စီးအား တားဆီးစဉ် ရပ်တန့်မပေးဘဲ သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားသဖြင့် ပစ်ခတ်ဖမ်းဆီးရာ တစ်ဦးကို အသေဖမ်းမိပြီး နှစ်ဦးထွက်ပြေး လွတ်မြောက်သွားကြောင်း သိရသည်။

“မူးယစ်သတင်းအရ စောင့်ဆိုင်းဖမ်းဆီးတဲ့အဖွဲ့က မော်တော်ယာဉ်ရပ်ပေးဖို့ တားတာမှာ မရပ်ဘဲ ထွက်ပြေးသွားတယ်။ သူတို့ဘက်ကပဲ စတင်ပစ်ခတ်တယ်။ မော်တော်ယာဉ်ရပ်ပေးဖို့ ခြောက်လှန့် ပစ်ခတ်တယ်။ ယာဉ်ပေါ်ပါလာတဲ့ (၃)ယောက်မှာ (၂)ယောက်က ထွက်ပြေးနေတဲ့အတွက် ဖမ်းဆီးရမိရေး ဆောင်ရွက်နေဆဲဖြစ်တယ်”ဟု တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးလှဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

စစ်ဗျူဟာအခြေချ(တာချီလိတ်)၊ ပြည်သူ့စစ်အဖွဲ့၊ မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်၊ ဝမ်ပုံနယ်မြေရဲစခန်း၊ နယ်ခြားစောင့်တပ်ဖွဲ့တို့မှ သက်ဆိုင်ရာတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့က ဟွေလုကျေးရွာအထွက်တွင် မူးယစ်သတင်းအရ စောင့်ဆိုင်းနေစဉ် TOYOTA HILUX အနက်ရောင်မော်တော်ယာဉ်တစ်စီးအား စစ်ဆေးရန် တားဆီးစဉ် ရပ်တန့်ပေးခြင်းမရှိဘဲ ပစ်ခတ်ထွက်ပြေးသဖြင့် ပူးပေါင်းအဖွဲ့က ပြန်လည်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ယာဉ်ပေါ်ပါ အမျိုးသား (၃)ဦးအနက် ယာဉ်မောင်းဖြစ်သူ အသက်(၄၆)နှစ်ရှိ စိုင်းတစ်ဆိုသူမှာ ဦးခေါင်းပွင့်၍ သေဆုံးသွားပြီး ကျန် (၂)ဦးမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း သိရသည်။

မော်တော်ယာဉ်အား စစ်ဆေးရာ သေဆုံးသူ ဝဲဘက်ဘေးမှ သေနတ်တစ်လက်ကိုလည်း တွေ့ရသည်ဟု သိရသည်။

အဆိုပါဖြစ်စဉ်မှ ထွက်ပြေးလွတ်မြောက်သွားသည့် အမျိုးသား (၂)ဦးကို ဖမ်းဆီးရမိရေးဆောင်ရွက်နပြေီး ဝမ်ပုံနယ်မြေရဲစခန်းတွင် (ပ) ၂၃/၂၀၁၉ ရှမ်းလက်နက် ၁၂(က)/(၈)ဖြင့် အမှုဖွင့်ဆောင်ရွက်နေကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net