နိုင်ငံပေါင်း (၁၀)နိုင်ငံကို ဖြတ်သန်းမည့် ဆွစ်ဇာလန်နှင့် အီတလီ ကမ္ဘာလှည့် ၂၁ ဦး အဖွဲ့ ထိုင်းမှ တဆင့် တာချီလိတ်သို့ ဝင်ရောက်

နိုင်ငံပေါင်း (၁၀)နိုင်ငံကို ဖြတ်သန်းမည့် ဆွစ်ဇာလန်နှင့် အီတလီ ကမ္ဘာလှည့် ၂၁ ဦး အဖွဲ့ ထိုင်းမှ တဆင့် တာချီလိတ်သို့ ဝင်ရောက်
နိုဝင်ဘာ 30, 2019
By Tachileik News Agency

နိုင်ငံပေါင်း (၁၀)နိုင်ငံကို ဖြတ်သန်းမည့် ဆွစ်ဇာလန်နိုင်ငံနှင့် အီတလီနိုင်ငံသား (၂၁) ဦးအဖွဲ့သည် မော်တော်ယာဉ် (၉) စီးဖြင့် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ (၃၀) ရက်နေ့ နံနက် (၉) နာရီ (၁၅) မိနစ်တွင် တာချီလိတ်မြို့သို့ မြန်မာ - ထိုင်းချစ်ကြည်ရေး အမှတ်(၁)တံတားမှ တဆင့်  ဝင်ရောက်လာသည်။

ဗီယက်နမ်နိုင်ငံမှ ခရီးစဉ် စတင်လာသည့် အဆိုပါ ကမ္ဘာလှည့်ခရီးသွားအဖွဲ့သည် မြန်မာနိုင်ငံတွင်း (၁၀)ရက်ကြာ နေထိုင်မည်ဖြစ်ရာ တာချီလိတ်မြို့ရှိ ကမ္ဘာလှည့်ခရီးသွားရဲတပ်ဖွဲ့က သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်၍ လိုအပ်သည်များကို စိစစ်ဆောင်ရွက်ပေးသည်ကို တွေ့ရသည်။

"ကျွန်တော်တို့အနေနဲ့ ဒီခရီးစဉ်မှာ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ မြန်မာ့အာမခံလုပ်ငန်းတွေနဲ့ ချိတ်ဆက်ဆောင်ရွက်ပေးတယ်။ ဗီဇာအတွက်လည်း ကူညီပေးတယ်။ ယာဉ်လမ်းကြောရှင်းလင်းရေး အတွက်လည်း ကူညီဆောင်ရွက်ပေးပါတယ်"ဟု ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း လုံခြုံရေးရဲတပ်ဖွဲ့၏ တပ်ဖွဲ့စု(၁၄)တာချီလိတ်မှ ဒုရဲအုပ် သန်းနိုင်ထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ ခရီးသွားအဖွဲ့တွင် အမျိုးသမီး (၆)ဦးလည်း ပါဝင်သည်ကိုတွေ့ရပြီး ဗီယက်နမ် - ထိုင်း - မြန်မာ - အိန္ဒိယ - နီပေါ - ပါကစ္စတန် - အီရန် - တူရကီ - ဂရိ - အီတလီခရီးကို မော်တော်ယာဉ်များဖြင့် သွားရောက်ကြမည်ဖြစ်သည်။

ခရီးသွား (၂၁)ဦးအဖွဲ့သည် မြန်မာနိုင်ငံတွင်း တာချီလိတ် - ကျိုင်းတုံ - နမ့်စန် - အင်းလေး - မန္တလေး - ပုဂံ - မုံရွာ - ကလေးလမ်းကြောင်းအတိုင်း မော်တော်ယာဉ်များဖြင့် (၁၀) ရက်ကြာ လည်ပတ်ပြီးနောက် ဒီဇင်ဘာလ (၉) ရက်နေ့တွင် မြန်မာ - အိန္ဒိယနယ်စပ် ကလေးမြို့မှ ထွက်ခွာမည်ဖြစ်သည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - ကျော်ဇင်ဟိန်း

ဆက်စပ်သတင်း


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~