နဂါးနှစ်ကောင်ဆရာတော် ထိုင်းနိုင်ငံ ချင်းရိုင်းဆေးရုံသို့ ပို့ဆောင်ထားရ

နဂါးနှစ်ကောင်ဆရာတော် ထိုင်းနိုင်ငံ ချင်းရိုင်းဆေးရုံသို့ ပို့ဆောင်ထားရ
သြဂုတ် 10, 2022 | ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့  နဂါးနှစ်ကောင် ပရိယတ္တိစာသင်တိုက်၏ နဂါးနှစ်ကောင်ဆရာတော်ကြီးကို ၂၀၂၂ခုနှစ် ဩဂုတ်လ(၉)ရက်နေ့က မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၂)တံတားကနေ ထိုင်းနိုင်ငံ ချင်းရိုင်းဆေးရုံသို့ ပို့ဆောင်ထားရကြောင်း သိရသည်။

ဆရာတော်ကြီးသည် ဩဂုတ်လ(၉)ရက်နေ့ ညနေပိုင်းက အောက်ဆီဂျင်ကျလာ၍ ထိုင်းနိုင်ငံ ချင်းရိုင်းမြို့ရှိ အစိုးရဆေးရုံတွင် ဆေးကုသရန်အတွက် ပို့ဆောင်ပေးထားခြင်း ဖြစ်ကြောင်း ဆရာတော်၏ တပည့်ဒကာများထံက သိရသည်။

ပြီးခဲ့သည့်  ၂၀၂၁ခုနှစ် ဒီဇင်ဘာလ(၂၅)ရက်နေ့တုန်းကလည်း နဂါးနှစ်ကောင်ဆရာတော်သည် အဆုတ်ထဲ ရေပြန်ဝင်သည့်အတွက် ထိုင်းနိုင်ငံ ချင်းရိုင်းမြို့ရှိ  ပရချာနုခေါ့ ပြည်သူ့ဆေးရုံကြီးတွင် ကုသမှု ခံခဲ့ရသေးသည်။

တာချီလိတ်မြို့ နဂါးနှစ်ကောင် ပရိယတ္တိစာသင်တိုက်၏ ပဓါန နာယက ဆရာတော်၊ နိုင်ငံတော် သြဝါဒစရိယ၊  အဘိဓဇမဟာရဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ရ နဂါးနှစ်ကောင်ဆရာတော် ဘဒ္ဒန္တဓမ္မသီရိသည် ယခုအခါတွင်  သက်တော်(၉၃)နှစ် နှင့် ဝါတော်(၇၃)ဝါရှိပြီ ဖြစ်သည်။