ကျိုင်းတုံမြို့တွင် ဆိုင်ကယ်တစ်စီးကို ထွေအုပ်က ကားဖြင့် တိုက်ဖမ်းမှုကြောင့် အသက်(၁)နှစ်ကျော်အရွယ် ကလေးငယ်တစ်ဦး သေဆုံးပြီး ဖခင်ဖြစ်သူမှာ ပုဒ်မ (၂)ခုဖြင့် အမှုဖွင့်ခံရ

ကျိုင်းတုံမြို့တွင် ဆိုင်ကယ်တစ်စီးကို ထွေအုပ်က ကားဖြင့် တိုက်ဖမ်းမှုကြောင့် အသက်(၁)နှစ်ကျော်အရွယ် ကလေးငယ်တစ်ဦး သေဆုံးပြီး ဖခင်ဖြစ်သူမှာ ပုဒ်မ (၂)ခုဖြင့် အမှုဖွင့်ခံရ
ဇွန် 21, 2021 | ရှမ်းရှေ့

ကျိုင်းတုံမြို့တွင် ၂၀၂၁ခုနှစ် ဇွန်လ(၁၉)ရက်နေ့  ညပိုင်းက ဆိုင်ကယ်မောင်းလာသည့် သားအဖ နှစ်ဦးကို ထွေအုပ်က ကားဖြင့်တိုက်ဖမ်းမှုကြောင့် အသက်(၁)နှစ်ကျော်အရွယ် ကလေးငယ်တစ်ဦး သေဆုံးသွားပြီး ဖခင်ဖြစ်သူကိုလည်း ပုဒ်မ(၂)ခု ဖြင့် ဇွန်လ(၂၀)ရက်နေ့က အမှုဖွင့်လိုက်ကြောင်း သိရသည်။

ဇွန်လ(၁၉)ရက်နေ့ ညပိုင်း စစ်ဆေးမှုတွင် ကျိုင်းတုံမြို့နယ်ရဲတပ်ဖွဲ့မှ ရဲအုပ် မင်းသီဟ နှင့်အဖွဲ့၊ ကျိုင်းတုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဝင်းအောင်မျိုး နှင့်အဖွဲ့၊  အမှတ်(၄)အဆင့်မြင့်ဆက်သွယ်ရေးတပ် မှ တပ်ကြပ်ကြီး ညွှန့်ဇော် နှင့် အဖွဲ့၊  တြိဂံဒေသတိုင်းစစ်ဌာန​ချုပ် စစ်​ဖက်ရေးရာလုံခြုံရေး တပ်ဖွဲ့(စရတ/စရဖ)မှ တပ်ကြပ်ကြီး မိုးကျော် နှင့် အဖွဲ့ အပြင် ရပ်ကွက်(၅)အုပ်ချုပ်ရေးမှူး ဦးစိုင်းဂျွန်သိန်း နှင့်အဖွဲ့ စသည်တို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့က မြို့တွင်းသို့ ကား(၃)စီးဖြင့် လှည့်လည် စစ်ဆေးနေစဉ် ရပ်ကွက်(၅)၊  ဆူးဖူးမားရပ်တွင် ကလေးငယ်အား လက်တစ်ဖက်က ချီထားပြီး ဆိုင်ကယ်မောင်းလာသည့် အမျိုးသားတစ်ဦးကို တွေ့၍ တားမြစ်ရာ မရပ်ပေး၍ဟုဆိုပြီး ကားဖြင့် လိုက်တိုက်ဖမ်းခြင်း ဖြစ်ကြောင်း သိရသည်။

ကျိုင်းတုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဝင်းအောင်မျိုး မောင်းနှင်သည့်  Toyota Van အမျိုးအစား SHN- 4B/2308 ယာဉ်ဖြင့် ဝင်တိုက်ရာမှ ဆိုင်ကယ်ပေါ်က လူမှာ လွင့်စင်သွားပြီး ဆိုင်ကယ်မောင်းလာသည့် အသက်(၃၀)ဝန်းကျင်ရှိ ကိုသန်းစိုးအောင်မှာ မစိုးရိမ်ရသည့် ဒဏ်ရာရရှိသော်လည်း အသက်(၁)နှစ်(၆)လဝန်းကျင်ရှိ ၎င်း၏ သမီးဖြစ်သူ မမိုးသန္တာအောင်မှာ  ဦးခေါင်းနှင့်ပေါင်တို့တွင် ဒဏ်ရာရရှိပြီး စိုးရိမ်ရသည့်အတွက် ဆေးရုံသို့ ပို့ဆောင်ရာ သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။

ကလေးက ဆေးရုံရောက်ပြီး (၁၀)မိနစ် ဝန်းကျင်လောက်မှာ ဆုံးတာလို့ သိရတယ်။ ထွေအုပ် ကားကလည်း လိုက်ပို့တယ်။ သူတို့ ပြန်ပြီး မကြာဘူး ကလေးဆုံးသွားတယ်။ ကြားရသလောက်တော့ ရဲစခန်းရောက်ချိန်မှာ အခုလို ဖြစ်တာကို ကာယကံရှင်ဖက်က အမှုမဖွင့်ဖို့ဆိုပြီး လက်သီးနဲ့ထိုးပြီး ပြောတယ်တဲ့။ ဖွင့်ရဲဖွင့်ကြည့်ဆိုပြီး သူတို့က ကလေးအဖေကို အမှု အရင် ဖွင့်လိုက်တာ၊ ဒီနေ့ နေ့လည်တော့ တရားရုံးပို့တယ်

ဟု နီးစပ်သူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ဇွန်လ(၂၁)ရက်နေ့ နေ့လည်ပိုင်းက ပြောသည်။

ကားဖြင့် တိုက်ခံရမှုကြောင့် သေဆုံးသွားသည့် အသက်(၁)နှစ်(၆)လဝန်းကျင် မမိုးသန္တာအောင်အား ဖခင်ဖြစ်သူမှ ဇွန်လ(၂၀)ရက်နေ့က တိုင်နေသုသာန်သို့ လိုက်ပို့ဆောင် သင်္ဂြိုလ်ခွင့်ရလိုက်ပြီး ဖြစ်သော်လည်း ရဲစခန်းက ဆက်လက်ဖမ်းဆီး ချုပ်နှောင်ထားကြောင်း သိရသည်။

အစက အမှုကျေအေးပေးမယ်လို့ပြောပြီး၊ ကလေး သင်္ဂြိုလ်ပြီးမှ ရဲစခန်းလာဆိုလို့ သွားတာ။ တခါတည်း ချုပ်ထားလိုက်တာ။

ဟု နီးစပ်သူ တစ်ဦးက ပြောပြသည်။

အဆိုပါဖြစ်စဉ်တွင် ဆိုင်ကယ်မောင်းလာသူက ထွေအုပ်၏ ကားကို ဝင်တိုက်၍ တိမ်းမှောက်ခြင်း ဖြစ်သည်ဟု လိမ်လည်ကာ အထက်ဌာနသို့ တင်ပြထားသော်လည်း မြေပြင်အခြေအနေမှာ မရပ်ပေးသည့် ဆိုင်ကယ်ကို လိုက်တိုက်ဖမ်းရာတွင် ပထမကားတစ်စီးကို ဆိုင်ကယ်က ရှောင်လိုက်နိုင်သော်လည်း အနောက်က ဝင်တိုက်သည့်အတွက် တိမ်းမှောက်သွားခြင်း ဖြစ်ပြီး တိုက်သည့် ထွေအုပ်၏ ကားကိုလည်း ကားဝပ်ရှော့သို့ ပို့ဆောင်ထားကြောင်း သိရသည်။

ကားဖြင့်တိုက်ခံရ၍ သမီးဖြစ်သူ၏ အသက်ပါ ဆုံးရှုံးလိုက်ရသည့် ကိုသန်းစိုးအောင်အား ကျိုင်းတုံမြို့မ ရဲစခန်းတွင် ယာဉ်(ပ)၁၇/၂၀၂၁၊ ရာဇသတ်ကြီး ပုဒ်မ - ၃၃၇/၃၀၄-က ဖြင့်ပါ အမှုဖွင့်လိုက်ကြောင်း သိရသည်။