တာချီလိတ်တွင် ပိတ်ဆို့စစ်ဆေးမှုအတွင်း ဖမ်းဆီးရမိသည့် ထိုင်းမူးယစ်တရားခံပြေးအား မြန်မာဘက်တွင် ပြစ်ဒဏ်စေ့၍ ထိုင်းနိုင်ငံသို့ လွှဲပြောင်း

တာချီလိတ်တွင် ပိတ်ဆို့စစ်ဆေးမှုအတွင်း ဖမ်းဆီးရမိသည့် ထိုင်းမူးယစ်တရားခံပြေးအား မြန်မာဘက်တွင် ပြစ်ဒဏ်စေ့၍ ထိုင်းနိုင်ငံသို့ လွှဲပြောင်း
သြဂုတ် 27, 2019
By Tachileik News Agency


မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့တွင် လိုင်စင်မဲ့ကားစီးနင်းမှု၊ နိုင်ငံသားစိစစ်ရေးကတ်အတုပြုလုပ် ကိုင်ဆောင်မှုတို့ဖြင့် ဖမ်းဆီးအရေးယူခံထားရသည့် ထိုင်းမူးယစ်တရားခံပြေး ထိုင်းနိုင်ငံသားတစ်ဦးကို ပြစ်ဒဏ်စေ့သဖြင့် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၂၇)ရက်နေ့ နေ့လယ်ပိုင်းက မြန်မာဘက်မှ ပြည်နှင်ဒဏ် ပေးကာ ထိုင်းနိုင်ငံသို့ လွှဲပြောင်းပေးလိုက်ကြောင်း သိရသည်။

“ထိုင်းဘက်က မူးယစ်မှုနဲ့ပတ်သက်တဲ့ အလိုရှိတရားခံလို့ သိရတယ်။ သူက ဂိုဏ်းခေါင်းဆောင်လို အဆင့်လို့တော့ ကြားပေမဲ့ အဲဒီဘက်က အမှုနဲ့ပတ်သက်လို့တော့ တိတိကျကျမသိရပါဘူး။ ဒီဘက်မှာ ကျခံရတဲ့ပြစ်မှုကတော့ တာချီလိတ်အချုပ်ကနေ တရားရုံးရင်ဆိုင်ရင်းနဲ့ ထောင်ဒဏ် (၄)လက ပြည့်သွားတော့ ဟိုဘက်ကို ပြည်နှင်ဒဏ်ပေးလိုက်တာပါ”ဟု တာချီလိတ်မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ကျော်ဇေယျက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ထိုင်းနိုင်ငံသား မူးယစ်တရားခံပြေး Gulay (ခ) စိုင်းဖတ် (ခ) နိုင်းမားရွတ်ဂျ်မာ့ဒ်ရင်း (ခ) ကလွေ့အား လိုင်စင်မဲ့မော်တော်ယာဉ် အသုံးပြုခြင်း၊ နိုင်ငံသားစိစစ်ရေးကဒ်အတုကိုင်ဆောင်ခြင်း၊ နိုင်ငံတွင်း ခိုးဝင်ခြင်းများအတွက် မတ်လ (၁၄)ရက်နေ့က တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၁၃၈/၂၀၁၉၊ လဝက အက်ဥပဒေပုဒ်မ ၁၃(၁)၊ (ပ)၁၃၉/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၄၂၀/၄၆၈ တို့ဖြင့် အမှုဖွင့်ထားခဲ့ပြီးနောက် တရားရုံးက အဆိုပါ ထိုင်းနိုင်ငံသားကို တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုအား ငွေဒဏ် ကျပ်(၇)သိန်း သို့မဟုတ် ထောင်ဒဏ် (၆)လ၊ လိုင်စင်မဲ့ကား စီးနင်းမှုအား ငွေဒဏ် ကျပ်(၇)သိန်း သို့မဟုတ် ထောင်ဒဏ် (၆)လ၊ စိုင်းဖတ်အမည်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားအတု ပြုလုပ်ကိုင်ဆောင်သည်ကို တွေ့ရ၍ ထောင်ဒဏ် (၄)လတို့ ချမှတ်ခဲ့ခြင်းဖြစ်သည်။

မြန်မာဘက်တွင် ကျခံနေရသည့်ပြစ်ဒဏ်များစေ့သွားပြီဖြစ်၍ အမည်ပျက်စာရင်းသွင်းကာ မြန်မာ - ထိုင်း ချစ်ကြည်ရေးတံတားမှနေ၍ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများအဖွဲ့က ထိုင်းနိုင်ငံဘက်သို့ လွှဲပြောင်းပေးရာတွင် ထိုင်းဘက်မှလည်း အလိုရှိတရားခံဖြစ်နေ၍ ထိုင်းရဲတပ်ဖွဲ့နှင့် သက်ဆို်င်ရာ တာဝန်ရှိသူများက လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်သည်။

အဆိုပါ ထိုင်းနိုင်ငံသား Gulay (ခ) စိုင်းဖတ် (ခ) နိုင်းမားရွတ်ဂျ်မာ့ဒ်ရင်း (ခ) ကလွေ့ဆိုသူမှာ တာချီလိတ်မြို့တွင် ၂၀၁၉ ခုနှစ်၊ မတ်လ (၁၁)ရက်နေ့ ည(၉)နာရီဝန်းကျင်က ပိတ်ဆို့စစ်ဆေးနေသည့် ရဲတပ်ဖွဲ့ဝင်ကို ကားဖြင့် တိုက်ရန်ကြိုးစားပြီး ထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရာမှ လွတ်မြောက် သွားခဲ့ပြီးနောက် တာချီလိတ်မှ အမျိုးသမီးတစ်ဦး၏ အကူအညီဖြင့် ဆေးခန်းပြရန် လိုက်လံရှာဖွေရာ မရသဖြင့် မတ်လ (၁၂)ရက်နေ့ နံနက် (၂)နာရီကျော်တွင် ခရိုင်ပြည်သူ့ဆေးရုံသို့ ရောက်လာချိန်၌ ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်။

Gulay (ခ) စိုင်းဖတ် (ခ) နိုင်းမားရွတ်ဂျ်မာ့ဒ်ရင်း (ခ) ကလွေ့သည် တာချီလိတ်မြို့သို့ ၂၀၁၉ ခုနှစ်၊ မတ်လ (၆) ရက်နေ့က မယ်ဆိုင်ချောင်းဖြတ်ကာ ဝင်ရောက်လာပြီးနောက် ဟိုတယ်တစ်ခုတွင် တည်းခိုနေထိုင်ကာ သူငယ်ချင်းဖြစ်သူထံမှ ငှါးရမ်းထားသည့် ကားဖြင့် မတ်လ(၁၁)ရက်နေ့က အပြင်ထွက်လာစဉ် ယင်းကဲ့သို့ ဖမ်းခံရခြင်းဖြစ်ကြောင်း သိရသည်။

၎င်းကိုင်ဆောင်ထားသည့် စိုင်းဖတ်အမည်ဖြင့် မြန်မာနိုင်ငံသားစိစစ်ရေးကဒ်အတုကို မြန်မာနိုင်ငံသားတစ်ဦးက ဘတ်ငွေနှစ်သောင်းရယူ၍ လုပ်ပေးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

၎င်းအား၂၀၁၈ ခုနှစ်၊ သြဂုတ်လအတွင်းက ထိုင်းနိုင်ငံ၊ ဖိဂျစ်ခရိုင်တရားရုံးမှ မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဝရမ်းထုတ်လိုက်သဖြင့် နေရပ်မှတိမ်းရှောင်ကာ မယ်ဆိုင်မြို့တွင် နေထိုင်ပြီး မြန်မာနိုင်ငံ တာချီလိတ်မြို့သို့ ခိုးဝင်လေ့ရှိသူဖြစ်ကြောင်း နှင့် ယခုအခါမှာ၎င်းအား မြန်မာဘက်တာဝန်ရှိသူများက ထိုင်းနိုင်ငံဘက် တာဝန်ရှိသူများထံသို့ လွှဲပြောင်းပေးလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net