တာချီလိတ်တွင် မူးယစ်ဆေးဝါးအမှုဖြင့် ဖမ်းဆီးရမိပြီး ကျိုင်းတုံထောင်မှ ပြစ်ဒဏ်စေ့သွားသည့် ထိုင်းနိုင်ငံသားကို ပြည်နှင်ဒဏ်ပေး

တာချီလိတ်တွင် မူးယစ်ဆေးဝါးအမှုဖြင့် ဖမ်းဆီးရမိပြီး ကျိုင်းတုံထောင်မှ ပြစ်ဒဏ်စေ့သွားသည့် ထိုင်းနိုင်ငံသားကို ပြည်နှင်ဒဏ်ပေး
ဇူလိုင် 18, 2019
By Tachileik News Agency


မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့တွင် မူးယစ်ဆေးဝါးအမှုဖြင့် ဖမ်းဆီးရမိပြီး ကျိုင်းတုံအကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံနေရသည့် ထိုင်းနိုင်ငံသား နိုင်းအနုချဆဲဖွန်အား ပြစ်ဒဏ်စေ့သွားသဖြင့် မြန်မာ - ထိုင်း ချစ်ကြည်ရေးအမှတ် (၁)တံတား မှ တဆင့် ၂၀၁၉ ခုနှစ် ဇူလိုင်လ (၁၈) ရက်နေ့ နေ့လည် (၁) နာရီ (၁၅) မိနစ်က ပြည်နှင်ဒဏ်ပေးပြီး ထိုင်းနိုင်ငံမှတာဝန်ရှိသူများထံ လွှဲပြောင်း ပေးအပ်လိုက်ကြောင်း သိရသည်။

လွန်ခဲ့သည့် ၂၀၀၉ ခုနှစ် သြဂုတ်လ (၂၄) ရက်နေ့က တာချီလိတ်မြို့ ဝမ်လိရွာရှိ နေအိမ်ခြံဝင်းအတွင်းရှိ ဂိုဒေါင်တစ်လုံးထဲမှ ဘိန်းဖြူဘလောက်တုံး (၁၀၄) တုံးနှင့် ဘိန်းဖြူ (၂၁) ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား (၃,၉၂၆,ဝဝဝ) ပြားနှင့် အိုက်စ် (၁၀) ကီလိုတို့ဖြင့် ဖမ်းဆီးရမိသည့် ထိုင်းနိုင်ငံသား နိုင်းအနုချဆဲဖွန်အား မယ(ပ) ၁၉(က)/၂၁၊ မူးယစ်၂၀(ခ)/၂၁ တို့ဖြင့် အမှုဖွင့်အရေးယူခဲ့ပြီးနောက် လက်ရှိတွင် အကျဉ်းထောင်လျှော့ရက် ခံစားခွင့်နှင့်အတူ ပြစ်ဒဏ်စေ့သွားသဖြင့် ပြည်နှင်ဒဏ်ပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အမှုမှ၎င်းနှင့်အတူ ဖမ်းဆီးရမိသည့် ထိုင်းနိုင်ငံသူ အားကျို့ (ခ) ဆဲ့ရှောင်သည်လည်း ကျိုင်းတုံအကျဉ်းထောင်တွင် အကျဉ်းထောင်လျှော့ရက်ခံစားခွင့်ဖြင့် ပြစ်ဒဏ်စေ့ပြီဖြစ်၍ တာချီလိတ်ရှိ ချစ်ကြည်ရေးတံတား(၁)မှ တဆင့် မေလ (၁၇)ရက်နေ့က ပြည်နှင်ဒဏ်ပေးလိုက်ပြီးကြောင်းလည်း သိရသည်။

ထိုင်းနိုင်ငံသား နိုင်းအနုချဆဲဖွန်အား ပြန်လည်လွှဲပြောင်းပေးအပ်ရာတွင် မြန်မာနိုင်ငံဘက်မှ လဝက ဒုတိယဌာနခွဲ (၆)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်မြင့်နှင့် ကျိုင်းတုံမြို့နယ် လဝကမှူး ဦးအေးကိုတို့က လွှဲပြောင်းပေးအပ်ခဲ့ပြီး ထိုင်းနိုင်ငံဘက်မှ လဝက ဗိုလ်ကြီး ချာသရီခရိယတ်ထောင်းနှင့် လဝက ဒုဗိုလ် ထဝီဝက်တင်းလွမ်တို့က လက်ခံခဲ့ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net