“ဝ”ဒေသတွင် ဖမ်းမိသည့် နားကောင်းမူမှ မူးယစ်ဆေးသယ်သူ အမျိုးသမီး(၂)ဦးကို မူးယစ်တပ်ဖွဲ့ထံ လွှဲပြောင်းပေး

“ဝ”ဒေသတွင် ဖမ်းမိသည့် နားကောင်းမူမှ မူးယစ်ဆေးသယ်သူ အမျိုးသမီး(၂)ဦးကို မူးယစ်တပ်ဖွဲ့ထံ လွှဲပြောင်းပေး
အောက်တိုဘာ 7, 2018 | မှုခင်းသတင်း| ရှမ်းရှေ့
By Tachileik News Agency

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင် နားကောင်းမူကျေးရွာအနီး “ဝ” အထူးဒေသ(၂) ဟွေအော -BP1နယ်မြေ၌ မူးယစ်ဆေးနှင့်အတူ ဖမ်းမိသည့် နားကောင်းမူကျေးရွာမှ အမျိုးသမီး(၂)ဦးကို မိုင်းဆတ်ခရိုင်မှ သက်ဆိုင်ရာ ရဲတပ်ဖွဲ့ထံ “ဝ”နယ်စစ်ဒေသ (၁၇၁)မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့က လွှဲပြောင်း ပေးလိုက်ကြောင်း သိရသည်။

“လွန်ခဲ့တဲ့ တစ်ပတ်လောက်က ဖမ်းမိတာပါ။ လွှဲတာကတော့ မနေ့က လွှဲတာပေါ့။ မိုင်းတုံ၊ မိုင်းဆတ်၊ ပုံပါကျင်မှာ ရှိနေတဲ့ မူးယစ်တပ်ဖွဲ့ဝင်တွေ (၁၀)ယောက်လောက်ရှိတဲ့ အဖွဲ့ လာရောက်လက်ခံပါတယ်။ ဒါမျိုး လွှဲပြောင်းပေးနေကြပါ။ ကျွန်တော် မှတ်မိသလောက်ဆိုရင် လေးငါးခေါက်လောက်ရှိပြီ”ဟု UWSA/UWSP ၏ လားရှိုးမြို့အခြေစိုက် ဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ အမျိုးသမီး(၂)ဦးထံမှ အမ်ဖီတာမင်စိတ်ကြွဆေး(၁၀၀၀)ပြား၊ ဘိန်းဖြူ (၅၂)ဂရမ်၊ ဘတ်ငွေ(၁၇၅)ဘတ်၊ ဆိုင်ကယ်(၁)စီးနှင့် လက်ကိုင်ဖုန်း(၄)လုံးတို့ သိမ်းဆည်းရမိထားကြောင်း သိရသည်။

“ဝ”ဒေသအတွင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့များက မူးယစ်ဆေးဖမ်းဆီးရမိမှုများအနက် “ဝ”ဒေသအတွင်းမှ မဟုတ်သူများကို သက်ဆိုင်ရာဒေသတာဝန်ရှိသူများထံ ဖမ်းဆီးရမိသည့် သက်သေခံပစ္စည်းများနှင့်အတူ လွှဲပြောင်းပေးလေ့ရှိကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - Nyi Rang