မူဆယ်တွင် အဖွဲ့အစည်းအမည်သုံးပြုကာ ‌ငွေလိမ်လည်ပါက BPLA တရားဝင်လူမှုကွန်ယက်စာမျက်နှာထံ စုံစမ်းမေးမြန်းနိုင်ဟုဆို

မူဆယ်တွင် အဖွဲ့အစည်းအမည်သုံးပြုကာ ‌ငွေလိမ်လည်ပါက BPLA တရားဝင်လူမှုကွန်ယက်စာမျက်နှာထံ စုံစမ်းမေးမြန်းနိုင်ဟုဆို
အောက်တိုဘာ 16, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့နယ်တွင် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) အဖွဲ့အစည်းအမည် အသုံးပြု၍ ဒေသတွင်းလုပ်ငန်းရှင်များအား လိမ်လည်ငွေကြေးကောက်ခံခြင်းများရှိနေခြင်းကြောင့် BPLA၏ တရားဝင်လူမှုကွန်ယက်စာမျက်နှာအား ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း BPLAထံမှ သိရသည်။

အဆိုပါ ငွေလိမ်လည်တောင်းခံစာတွင် မူဆယ်မြို့ရှိ ဒေသတွင်းစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် BPLA တပ်မဟာ(၂)အား အခွန်ငွေပေးဆောင်ရမည်ဖြစ်ကာ အခွန်ငွေပေးဆောင်ခြင်းမရှိဘဲ လုပ်ငန်းဆက်လက်လုပ်ကိုင်မည်ဆိုပါက အရေးယူခြင်းခံရမည်ဖြစ်ကြောင်း ရေးသားထားသည်။

“ဒါဟာ ကျွန်တော်တို့တပ်ရဲ့အမည်ကို အလွဲသုံးစားလုပ်ပြီး လိမ်လည်ငွေညှစ်တဲ့ကိစ္စဖြစ်ပါတယ်။ ရှမ်းမြောက်မှာရှိတဲ့ ကျွန်တော်တို့တပ်ဟာ MNDAA (၆၁၁)တပ်မဟာရဲ့ အမိန့်ပေးကွပ်ကဲမှုအောက်မှာ စစ်ရေးလှုပ်ရှား ဆောင်ရွက်နေတာဖြစ်ပြီး အခုလို ပြည်သူတွေကို အခွန်ကောက်ခံခြင်းလည်း လုံးဝမပြုလုပ်ပါဘူး။ ပွင့်ပွင့်လင်းလင်းပြောရရင် အဲ့ဒီစာမှာပါတဲ့ မူဆယ်မြို့အနီးအနားမှာတောင် ကျွန်တော်တို့တပ်ရင်းတွေ အခြေမချဖူးပါဘူး။”ဟု BPLA ကွပ်ကဲရေးမှူး ကိုဆောင်းခက Tachileik News Agencyကို ပြောသည်။

ထို့အပြင် ယင်းကဲ့သို့ အခွန်ကောက်ခံခြင်းမျိုးကြုံတွေ့ရလာပါက BPLA အနေဖြင့် အခွန်ကောက်ခံခြင်းမရှိကြောင်းပြောပြီး အခွန်မပေးနိုင်ကြောင်း ငြင်းလွှတ်ရန်နှင့် BPLA၏ တရားဝင် Facebook Pageကို ဆက်သွယ်စုံစမ်းမေးမြန်းပေးကြရန်လည်း ကိုဆောင်းခက မေတ္တာရပ်ခံထားသည်။

#TachileikNewsAgency