လွယ်ဂျယ်မြို့မှသိမ်းဆည်းရရှိသော ကျပ်ငွေ သိန်းပေါင်း ၅ သောင်းကျော်ကို KIA ဘဏ္ဍာငွေအဖြစ် စနစ်တကျထိန်းသိမ်း

လွယ်ဂျယ်မြို့မှသိမ်းဆည်းရရှိသော ကျပ်ငွေ သိန်းပေါင်း ၅ သောင်းကျော်ကို KIA ဘဏ္ဍာငွေအဖြစ် စနစ်တကျထိန်းသိမ်း

ကချင်ပြည်နယ် လွယ်ဂျယ်မြို့ကို ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) မှ ၂၀၂၄ခုနှစ် ဧပြီလ ၉ ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်ခဲ့ပြီးနောက် ခလရ ၁၄၂ တပ်အတွင်း သိမ်းဆည်းရရှိခဲ့သော ကျပ်ငွေသိန်းပေါင်း ငါးသောင်းသုံးထောင်ကျော် (၅,၃၅၈,၂၀၀,၀၀၀)ကို KIO ဘဏ္ဍာရေးဌာန၏ စည်းမျဉ်းများအတိုင်း စနစ်တကျ သိမ်းဆည်းထားကြောင်း KIA၏ ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်က လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။

KIO ဘဏ္ဍာရေးဌာန၏ စည်းမျဉ်းများအတိုင်း လွယ်ဂျယ်မြို့မှ သိမ်းဆည်းရရှိထားသည့် ပိုက်ဆံများအား တပ်မဟာ (၃) တပ်မဟာမှူးမှ အရှေ့ပိုင်းတိုင်း ဘဏ္ဍာရေးဌာနသို့ စာရင်းသွင်း ပေးအပ်ပြီးဖြစ်ကြောင်း မိတ္တူနှင့်တကွ ဖော်ပြထားသည်။

ဆက်လက်ပြီး ဘဏ္ဍာရေးဌာန၏ လုပ်နည်းလုပ်ထုံးများနှင့် တခြားအကြောင်းအရာများကို ထပ်မံရေးသားဖော်ပြသွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ် ဂွမ်မော်က ရေးသားထားသည်။

ဧပြီလ ၁ ရက်နေ့တွင် စိန်လုံဗျူဟာစခန်းကုန်းကို KIAမှ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး မြို့ထဲစတင်ဝင်ရောက်နိုင်ခဲ့ကာ ဧပြီလ ၉ ရက်နေ့တွင် ခလရ ၁၄၂ တပ်ရင်းရှိ စစ်ကောင်စီတပ်သားနှင့် Non-CDM ဝန်ထမ်းများ စခန်းကုန်းမှ ထွက်ပြေးတိမ်းရှောင်သွားပြီး KIAမှ လွယ်ဂျယ်မြို့ကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

#TachileikNewsAgency