မုန်တိုင်းသင့်ဒေသခံများကို ကူညီနေသည့် ကိုဝေဟင်အောင်ပါ ( ၅ )ဦးကို စစ်ကောင်စီ ဖမ်းဆီးထား

မုန်တိုင်းသင့်ဒေသခံများကို ကူညီနေသည့် ကိုဝေဟင်အောင်ပါ ( ၅ )ဦးကို စစ်ကောင်စီ ဖမ်းဆီးထား
By Tachileik News Agency

ရခိုင်မုန်တိုင်းဘေးသင့်ဒေသခံများအား ကူညီကယ်ဆယ်ရန်သွားသည့် ကိုဝေဟင်အောင်နှင့်အဖွဲ့အား စစ်တွေမြို့နယ်၊ အမြင့်ကျွန်းဘုန်းတော်ကြီးကျောင်းအနီးတွင် စစ်ကောင်စီတပ်က ဖမ်းဆီးထားကြောင်း သိရသည်။ 

ကူညီကယ်ဆယ်ရေးသွားသည့် ကိုဝေဟင်အောင်နှင့် သမီးအပါအဝင် (၅)ဦးအဖွဲ့ကို  ၂၀၂၃ ခုနှစ်၊ မေလ( ၂၃ )ရက်၊ နေ့လယ် ( ၃ )နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်က ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း  ဒေသခံများက Tachileik News Agency ကို အတည်ပြုသည်။ 

ကိုဝေဟင်အောင်တို့အဖွဲ့က ပုဏ္ဏားကျွန်းမြို့နယ်၊ ကုလားချောင်းရွာသို့  ကူညီရန်သွားရောက်စဉ် စစ်ကောင်စီတပ်က နောက်မှကားဖြင့်လိုက်လာကာ အမြင့်ကျွန်းဘုန်းကြီးကျောင်းအနီး၌ ဖမ်းဆီးသွားခြင်းဖြစ်ပြီး မည်သည့်အတွက်ကြောင့် ဖမ်းဆီးသည်ကို မသိရကြောင်း ဒေသခံများထံမှ သိရသည်။

ဝေဟင်အောင်ပရဟိတအဖွဲ့သည် ဒေသတွင်း မုန်တိုင်းဘေးသင့်ပြည်သူများအတွက် အရေးပေါ်အကူအညီများဖြစ်သည့် စားနပ်ရိက္ခာရရှိရေး၊ ရေငန်ဝင်ရေကန်များမှ ရေစုပ်ထုတ်ကာ သောက်သုံးရေရရှိရေးစသည့် ပရိဟိတလုပ်ငန်းများကို လုပ်ပေးနေကြခြင်းဖြစ်သည်။

မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်တွင်း ထိခိုက်ပျက်စီးမှုများပြားကာ အကူအညီများစွာလိုအပ်နေပြီး လက်ရှိအချိန်ထိ အရေးပေါ် အကူအညီမရသည့်နေရာများစွာ ရှိနေခြင်းဖြစ်သည်။

ကိုဝေဟင်အောင်သည် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလက ရသေ့တောင်မြို့၌ ပြုလုပ်ခဲ့သည့် ဟောပြောပွဲတစ်ခုတွင် ရခိုင်လက်နက်ကိုင်တော်လှန်ရေးကိစ္စကို ထည့်သွင်းဟောပြောခဲ့သည်ဟုဆိုကာ နိုင်ငံတော်ပုန်ကန်မှု၊ နိုင်ငံတော် အကြည်ညိုပျက်စေမှုတို့ဖြင့် ထောင်ဒဏ် နှစ်( ၂၀ )ချမှတ်ခံထားခဲ့ရကာ အင်းစိန်အကျဉ်းထောင်တွင် ( ၂ )နှစ်နီးပါးကြာ ထိန်းသိမ်းခံရပြီးနောက်  ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ( ၁၂ )ရက်နေ့ တွင် လွတ်ငြိမ်းခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသူ ဖြစ်သည်။