ဒီပဲယင်းတွင် ကင်းလှည့်နေသည့် စစ်ကောင်စီတပ်နှင့် PDF တပ်များ ပစ်ခတ်မှုဖြစ်ပြီး စစ်ကောင်စီတပ်ထံမှ သေနတ် ၄ လက်ရ

ဒီပဲယင်းတွင် ကင်းလှည့်နေသည့် စစ်ကောင်စီတပ်နှင့် PDF တပ်များ ပစ်ခတ်မှုဖြစ်ပြီး စစ်ကောင်စီတပ်ထံမှ သေနတ် ၄ လက်ရ
စက်တင်ဘာ 14, 2023 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် အနောက်ဘက်ပိုင်းရပ်ကွက်တွင် ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြား ၂၀၂၃ခုနှစ် စက်တင်ဘာလ (၁၃)ရက်နေ့ ည(၁၁)နာရီဝန်းကျင်က ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သားများ၏ လက်နက်(၄)လက်ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။ 

ပြည်သူ့ကာကွယ်ရေးတပ်များက ဒီပဲယင်းမြို့နယ် အနောက်ဂိတ်ရှိ စစ်ကောင်စီတပ်ဖွဲ့များအား တိုက်ခိုက်ရန်သွားစဉ် ကင်းလှည့်နေသည့် စစ်ကောင်စီတပ်သားများနှင့်တိုးကာ ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်သား (၄)ဦးသေဆုံးပြီး လက်နက်(၄)လက်ကို သိမ်းဆည်းရရှိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

“ဒီပဲယင်းမြို့ပေါ်မှာ စစ်ကောင်စီတပ်တွေ အထိုင်ချထားတာ။ အဲဒီမှာ အနောက်ဂိတ်ပေါ့။ အနောက်ဂိတ်ကို ပစ်ခတ်ဖို့ ဝင်လာတဲ့အချိန်မှာ အနောက်ဂိတ်မှာပဲ ကင်းနဲ့တွေ့တာပေါ့ဗျာ။ ကင်းပတ်တာနဲ့တိုးတယ်ပေါ့။ တိုးပြီးတော့ ဒီလိုပစ်ခတ်မှုဖြစ်ပွားခဲ့တာ။”ဟု ဒီပဲယင်းညီနောင်များအဖွဲ့မှ တာဝန်ရှိသူ ကိုကြီးဖြိုးက Tachileik News Agencyကိုပြောသည်။

သေဆုံးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များထဲတွင် ဒုတပ်ကြပ်တစ်ဦး၊ ရဲတပ်သားတစ်ဦးနှင့် ဒီပဲယင်းတွင် လာရောက်နေထိုင်သည့် နဘဲလှရွာမှ ပျူစောထီးတစ်ဦးတို့ အပါအဝင် (၄)ဦးဖြစ်သည်ဟု ဒီပဲယင်းညီနောင်များအဖွဲ့မှ တာဝန်ရှိသူ ကိုကြီးဖြိုးက ဆိုသည်။

အဆိုပါပစ်ခတ်မှုဖြစ်ပြီးနောက် ယနေ့ စက်တင်ဘာလ (၁၄)ရက်နေ့ နံနက်ပိုင်းတွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်း၊ ညနေပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၀)ဦးဝန်းကျင်က ဒီပဲယင်းမြို့နယ်ရှိ ရပ်ကွက်အချို့အတွင်းသို့ ဝင်ရောက်ရှာဖွေခြင်းများ ရှိခဲ့သည်ဟု သိရသည်။

စစ်ကောင်စီထောက်ခံသည့် ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင်မူ ဒီပဲယင်းမြို့နယ် အနောက်ဘက်ပိုင်းရပ်ကွက်၌ ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲ(၂)ဦးနှင့် ပျူစောထီးတစ်ဦးကို ယမန်နေ့ည(၁၁)နာရီဝန်းကျင်တွင် PDFတပ်များက ဖမ်းဆီးသွားခဲ့ပြီးနောက် (၂)ဦးသေဆုံးကာ တစ်ဦးပျောက်ဆုံးနေသည်ဟု ဖော်ပြထားသည်။

#TachileikNewsAgency