ဖာပွန်ခရိုင်အတွင်း စစ်ကောင်စီ၏ တပ်စခန်းများကို KNLA က (၄)ကြိမ် ဝင်ရောက် တိုက်ခိုက်ရာမှ  စစ်ကောင်စီတပ်ဘက်က (၇)ဦး သေဆုံး

Photo: KNU
Photo: KNU
ဖာပွန်ခရိုင်အတွင်း စစ်ကောင်စီ၏ တပ်စခန်းများကို KNLA က (၄)ကြိမ် ဝင်ရောက် တိုက်ခိုက်ရာမှ  စစ်ကောင်စီတပ်ဘက်က (၇)ဦး သေဆုံး
ဖေဖော်ဝါရီ 15, 2022 | အခြားဒေသများ

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်အတွင်း ကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)က  အကြမ်းဖက်စစ်ကောင်စီစခန်းများအား ဝင်တိုက်တိုက်ခိုက်သည့် တိုက်ပွဲ(၄)ကြိမ်အတွင်း စစ်ကောင်စီတပ်သား(၇)ဦးသေကြောင်း KNU တပ်မဟာ(၅)က ယနေ့ဖေဖော်ဝါရီလ(၁၅)ရက်နေ့တွင် သတင်း ထုတ်ပြန်လာသည်။

ဖေဖော်ဝါရီလ(၁၄)ရက်နေ့က ကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၏ အမှတ်(၅) တပ်မဟာလက်အောက်တပ်ဖွဲ့ဝင်များသည် စစ်ကောင်စီတပ်များတပ်စွဲရာ  ညာဃေါ်ကျိုး(သူးမွဲထာမြောက်ဖက်)စခန်းအား က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဖက်မှ (၁)ဦးသေကြောင်း သိရသည်။ 

ယင်းနေ့တွင်ပင် KNLA ၏ အမှတ်(၅)တပ်မဟာလက်အောက်ရှိ တပ်ရင်းအမှတ်(၁၅)၊ တပ်ခွဲ(၂)တပ်ဖွဲ့ဝင်များသည် ထူမောဒဲ(ဖာပွန်အရှေ့ဖက်)တံတားဦး၌ ဝင်ရောက်ပစ်ခတ်ရာ အကြမ်းဖက်စစ်ကောင်စီဖက်မှ (၄)ဦးသေဆုံးသွားကြောင်း သိရသည်။

ဒါ့အပြင် KNLA အမှတ်(၁၅)တပ်ရင်းတပ်ဖွဲ့ဝင်များသည် အကြမ်းဖက်စစ်ကောင်စီ၏ ခူးသူးထာစခန်းအား ဝင်ရောက်တိုက်ခိုက်ရာတွင် အကြမ်းဖက်စစ်ကောင်စီဖက်မှ (၂)ဉီးသေပြီး (၃)ဦး ဒဏ်ရာရရှိကြောင်း သိရသည်။

ဖေဖေါ်ဝါရီလ(၁၃)ရက်နေ့ကလည်း KNLA အမှတ်(၅)တပ်မဟာလက်အောက်ရှိ တပ်ရင်းအမှတ်(၁၀၂)မှ တပ်ဖွဲ့ဝင်သည် အကြမ်း ဖက်စစ်ကောင်စီ၏ မယ်ဝေ(မဲဝိုင်)တပ်စခန်းအား  ဝင်ရောက်တိုက်ခိုက်ရာတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖက်မှာ တစ်ဦး အပြင်းအထန်ဒဏ်ရာရရှိသွားကြောင်း နှင့်  ယခု ရက်ပိုင်းအတွင်း ဖြစ်ပွားသည့်  တိုက်ပွဲ(၄)ကြိမ်တွင် KNLA ၏ အမှတ်(၅)တပ်မဟာလက်အောက်ရှိ တပ်ဖွဲ့ဝင်များ  ထိခိုက်ကျဆုံးမှု မရှိကြောင်း သိရသည်။