စစ်မှုထမ်းရန် လူငယ်များအား စုဆောင်းနေသည့် မြောက်ဒဂုံ ၃၀ ရပ်ကွက် အုပ်ကြီး ပစ်ခတ်ခံရပြီး သေဆုံး

စစ်မှုထမ်းရန် လူငယ်များအား စုဆောင်းနေသည့် မြောက်ဒဂုံ ၃၀ ရပ်ကွက် အုပ်ကြီး ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ်၊ (၃၀)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူး ယနေ့ ၂၀၂၄ ခုနှစ် မတ်လ(၃၁)ရက်နေ့ နေ့လယ်ပိုင်းက သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။

မြောက်ဒဂုံမြို့နယ်၊ (၃၀)ရပ်ကွက်အုပ်ကြီး ဦးကြည်ထွန်းသည် ရပ်ကွက်ရုံးသို့ ဆိုက်တွဲဖြင့်သွားစဥ် အမျိုးသားတစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ရာ အုပ်ကြီးသေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

"အုပ်ချုပ်ရေးမှူး ဦးကြည်ထွန်းနဲ့ သူ့မိန်းမတို့က နေအိမ်ကနေ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ဆိုက်တွဲနဲ့သွားတာ။ လမ်းမှာ ပစ်ခံရတာ။  ဦးကြည်ထွန်းကသေတယ်။ မိန်းမကတော့ ကျည်ထိမှန် ဒဏ်ရာရရှိထားတယ်။"ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီက စစ်မှုထမ်းဥပဒေပြဌာန်းလိုက်ပြီးနောက် ကျေးရွာ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများသည် လူငယ်များအား အတင်းစုဆောင်းခြင်းများကြောင့် ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့များက သတိပေးထားသည်။ 

"အခုလမ်းတွေပါပိတ်လိုက်တယ်။ ဘေလီကနေ မြောက်ဒဂုံအဝင်မှာ ပိတ်ပြီး လိုင်းကားပေါ်တွေပါ စစ်ကောင်စီတပ်ကတွေ တက်စစ်တယ်။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

ရန်ကုန်တိုင်းအတွင်း စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေအား အကောင်အထည်ဖော်ရန် ပါဝင်ကူညီသူများကို ပြင်းထန်စွာ အရေးယူသွားမည်ဖြစ်ကြောင်းလည်း ရန်ကုန်မြို့ပြပြောက်ကျား(၅)ဖွဲ့က ၂၀၂၄ ခုနှစ် မတ်လ (၁၉)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။ 

စစ်ရှုံးကာ အင်အားနည်းနေသည့် စစ်ကောင်စီသည် လူငယ်များအား အဓမ္မစစ်မှုထမ်းစေခိုင်းရန် အတင်းဖိအားပေးခြင်း ပြုလုပ်နေသော်လည်း ၎င်းတို့၏ သား၊ သမီးများကိုမူ စစ်မှုထမ်းခိုင်းခြင်းမရှိပေ။

စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေအရ မြန်မာနိုင်ငံတွင် စစ်မှုထမ်းနိုင်သူ (၁၄)သန်းရှိနေပြီး အသက်(၁၈)နှစ် ပြည့်ပြီးသူ အမျိုးသမီး၊ အမျိုးသားတိုင်းကို စစ်မှုထမ်းသက်တမ်း (၂)နှစ်နှင့် အရေးပေါ်အခြေအနေဆိုပါက (၅)နှစ်အထိ အဓမ္မစေခိုင်းနိုင်ကြောင်း ထုတ်ပြန်ထားခြင်းဖြစ်သည်။'

#TachileikNewsAgency