ရေစကြိုမြို့နယ်အတွင်း ရေလယ်ကျွန်းဒေသတွင် အာဏာသိမ်း စစ်ကောင်စီတပ်က စစ်ကြောင်း (၃)ကြောင်းဖြင့် ထိုးစစ်ဆင်နေ၊ ပြည်သူများ ရွှေ၊ငွေများ ဝှက်ထားကြရန် ပြောက်ကျားတပ်ဖွဲ့က အသိပေးနှိုးဆော်

ရေစကြိုမြို့နယ်အတွင်း ရေလယ်ကျွန်းဒေသတွင် အာဏာသိမ်း စစ်ကောင်စီတပ်က စစ်ကြောင်း (၃)ကြောင်းဖြင့် ထိုးစစ်ဆင်နေ၊ ပြည်သူများ ရွှေ၊ငွေများ ဝှက်ထားကြရန် ပြောက်ကျားတပ်ဖွဲ့က အသိပေးနှိုးဆော်

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသတွင် ၂၀၂၂ ခုနှစ် ဧပြီလ (၂) ရက်နေ့မှစ၍ စစ်ကြောင်း(၃)ကြောင်းဖြင့် ဝင်၍ ထိုးစစ်ဆင်နေသည့် အာဏာသိမ်းတပ်က ဧပြီလ (၄)ရက်နေ့ နံနက်အစောပိုင်းတွင် ဘီးစပ်ကုန်းကျေးရွာအရှေ့ပိုင်းကို မီးရှို့နေကြောင်း သိရသည်။

ရေလယ်ကျွန်းဒေသတွင်းကို စစ်ကြောင်း (၃)ကြောင်းဖြင့် ဖြန့်ခွဲဝင်နေကြရာ ဧပြီလ (၄) ရက်နေ့တွင် ပထမစစ်ကြောင်းသည် သာဂေါင်ကျေးရွာမှ ပန်းညိုကျေးရွာ၊ ရွာသာကုန်းသို့ ရောက်ရှိပြီး ပန်းညိုဘက်သို့ လက်နက်ကြီးများ ပစ်ခတ်နေသည်ဟု သိရသည်။

အာဏာသိမ်းတပ်၏ ဒုတိယစစ်ကြောင်းသည် ဘီးစပ်ကုန်းရွာအတွင်းနေအိမ်များကို မီးရှို့နေပြီး တတိယစစ်ကြောင်းက မင်းရွာတွင် ရှိနေဆဲဖြစ်ကြောင်း သိရသည်။

ရေလယ်ကျွန်းဒေသတွင်း ကျေးရွာများကို အာဏာသိမ်းစစ်တပ်က ထိုးစစ်ဆင်နေ၍ အများပြည်သူအနေဖြင့် ကြိုတင်သတိဖြင့် နေထိုင်ကြရန် သိန်းငှက်ပြောက်ကျားတပ်ဖွဲ့က သတိပေးတိုက်တွန်းထားသည်ကို တွေ့ရသည်။

မိဘပြည်သူများ အနေဖြင့် ယခင် ကျွန်တော်တို့ မဟာမိတ်အဖွဲ့များ ထုတ်ပြန်ထားသည့်အတိုင်း မိမိတို့၏ တန်ဖိုးကြီး ရွှေ၊ငွေပစ္စည်းများကို စစ်ကောင်စီတပ်များနှင့်ဝေးရာတွင် စနစ်တကျ သိမ်းဆည်းထားကြပါရန်နှင့် မိမိနှင့်အတူတစ်ပါတည်း ယူဆောင်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ဟု သိန်းငှက်ပြောက်ကျားတပ်ဖွဲ့ (ရေစကြို)က အသိပေး နှိုးဆော်ထားရှိသည်။

အာဏာသိမ်းစစ်တပ်သည် ရေလယ်ကျွန်းဒေသကို ဧပြီလ (၂) ရက်နေ့ကဝင်လာပြီး ပစ်ခတ်မှုများကြောင့် အသက်အရွယ်ကြီးသူ (၂)ဦးနှင့် အမျိုးသမီး (၁)ဦးတို့ သေဆုံးခဲ့ရသည့်အပြင် ရေလယ်ကျွန်းဒေသရှိ မီးလောင်ကျွန်းရွာ၊ မိဖုရားကျေးရွာ၊ ခြံယာကျေးရွာ၊ လှေခုတ်ကျေးရွာများမှ နေအိမ်အဆောက်အဦ (၁၅)လုံးထက်မနည်း မီးရှို့ခံခဲ့ရကြောင်း သိရသည်။