ပုလဲမြို့နယ်အတွင်း စစ်ကောင်စီတပ်သားများ စစ်ကြောင်းထိုးလာရာ လမ်းတလျှောက်ရှိ ကျေးရွာပေါင်း (၁၀)ရွာကျော်မှ ထောင်ချီသည့် ဒေသခံများ အိုးအိမ်စွန့်ခွာပြီး ထွက်ပြေး တိမ်းရှောင်နေရ

ပုလဲမြို့နယ်အတွင်း စစ်ကောင်စီတပ်သားများ စစ်ကြောင်းထိုးလာရာ လမ်းတလျှောက်ရှိ ကျေးရွာပေါင်း (၁၀)ရွာကျော်မှ ထောင်ချီသည့် ဒေသခံများ အိုးအိမ်စွန့်ခွာပြီး ထွက်ပြေး တိမ်းရှောင်နေရ

 စစ်ကိုင်းတိုင်းအတွင်း ပုလဲမြို့နယ်ရှိ အင်မထီး( ပျူစောထီး)ကျေးရွာတွင် (၂)ညအိပ် တပ်စွဲနေခဲ့သည့် စစ်ကောင်စီတပ်သားများသည် ယနေ့  ၂၀၂၃ခုနှစ် ဇူလိုင်လ(၃၁)ရက်နေ့ နံနက်(၆)နာရီကစပြီး အင်မထီးရွာ၏ အနောက်ဘက်သို့  စစ်ကြောင်းထိုးလာမှုကြောင်း အနီးအနားရှိ ကျေးရွာ(၁၀)ရွာအထက်မှ ဒေသခံ (၆၀၀၀)ကျော် အိုးအိမ်စွန့်ခွာပြီး ထွက်ပြေး တိမ်းရှောင်နေလျှက်ရှိကြောင်း ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ မြေပြင်အခြေအနေ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အင်မထီး( ပျူစောထီး)ကျေးရွာတွင် (၂)ညအိပ် တပ်စွဲနေခဲ့သည့် စစ်ကောင်စီတပ်သားများနှင့် ကန်ဒေါင့်ကျေးရွာမှ တပ်သားများအပါအဝင် ဗျူစောထီးများ ပါဝင်သည့် အဖွဲ့တို့ စစ်ကြောင်းထိုးလာနေပြီ ဖြစ်ကြောင်း ကြားသိရသည်နှင့် စစ်ကြောင်းထိုးရန် ဦးတည်လာသည့် လမ်းတလျှောက်ရှိ သာယာကုန်း၊ ဦးနှောက်၊ကိုင်းတွင်း၊ သရက်ကန်၊တလိုင်းကန်၊ ညောင်ရင်းကုန်း၊ မဲဇရပ်၊ မင်းတိုင်ပင် ၊ရွာသစ် နှင့် သာစည်ကျေးရွာများစွာမှ ဒေသခံများမှာ ချက်ချင်း အိုးအိမ်စွန့်ခွာပြီး ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

ယင်းသို့ ချက်ချင်း အိုးအိမ်စွန့်ခွာပြီး ထွက်ပြေးနေရသည့် စစ်ဘေးရှောင်ပြည်သူများအား သက်ဆိုင်ရာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ ဦးဆောင်ပြီး ပြည်သူများနှင့် ပုလဲလူထု သပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ ၊Western Chindwin Association (WCA) အဖွဲ့တို့ ပူးပေါင်းကာ  ကူညီဆောင်ရွက်ပေးနေလျက်ရှိကြောင်းသိရသည်။

စစ်ကောင်စီတပ်သားများနှင့် ၎င်းတို့၏ လက်ကိုင်တုတ် ပြည်သူ့စစ်ဟု ခေါ်သည့် ပျူစောထီးအဖွဲ့တို့သည် ကျေးရွာသို့ တစ်ရွာဝင် တစ်ရွာထွက် စစ်ကြောင်းထိုးတိုင်း နေအိမ်အတွင်းရှိ တန်ဖိုးရှိပစ္စည်းများကို ၎င်းတို့၏ ဇနီးသားမယားများအတွက် ခိုးဝှက်ယူဆောင်သွားခြင်း၊ နေအိမ်များကို စိတ်ရိုင်းဝင်ကာ မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်သည့်အပြင် ဒေသခံများကိုလည်း အကြမ်းဖက်အဖွဲ့ဟု စွပ်စွဲကာ ဖမ်းဆီးနှိပ်စက်ခြင်းများ ပြုလုပ်လေ့ရှိသည့်အတွက် ဒေသခံများမှာ စစ်ကောင်စီတပ်များ လာနေပြီဟု ကြားသည်နှင့် ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

 

#TachileikNewsAgency

Photo: ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့