ရွှေဘိုမြို့နယ်တွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ကို တော်လှန်ရေးအဖွဲ့က ဒရုန်းဖြင့်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင်း ကျေးရွာများကို စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ကို ဒေသတွင်းတော်လှန်ရေးပူးပေါင်းအဖွဲ့က ဒရုန်းဖြင့် တိုက်ခိုက်ကြောင်းကို ၂၀၂၄ ခုနှစ် ဧပြီလ (၂၆)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်အင်အား (၁၅၀)ဝန်းကျင်သည် ရွှေဘိုမြို့နယ် ချီပါကျေးရွာကို ဧပြီလ (၁၈)ရက်နေ့ကတည်းက စစ်ကြောင်းထိုးကာ ကျေးရွာတွင်း အထိုင်ချနေပြီးနောက် ပြည်သူ့နေအိမ်များမှ ပစ္စည်းများကို ခိုးယူစားသောက်သုံးစွဲခြင်းများကို လုပ်နေကြသည်ဟု ဗိုလ်ကျားရိုင်း  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

အဆိုပါတပ်ဖွဲ့အား ဧပြီလ (၂၄)ရက်နေ့တွင် ၆၀ မမ ဗုံးသီး (၈)လုံး အသုံးပြုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးဒဏ်ရာရခြင်းများရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖေါ်ပြသည်။

အဆိုပါတိုက်ခိုက်မှုကို ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ရွှေဘို)၊  1844 ကျောက်ဆည်ခရိုင် Drone တပ်ရင်း ၊ Project Flight ( Fight for Democracy )ဒရုန်းတပ်ဖွဲ့ ၊ Flying Dragon Force ၊ ရွှေဘိုအားမာန် မြို့ပြပျောက်ကျား၊ သိင်္ခအားမာန်၊ မဟူရာရွှေဘိုသား (LPDF) နှင့် တိုက်နယ်- ၅ နယ်မြေခံ မဟာမိတ်အဖွဲ့များ ပူးပေါင်းလုပ်ဆောင်ကြသည်ဟု ထုတ်ပြန်သည်။

စစ်ကိုင်းတိုင်းအတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ဖွဲ့များသည် ၎င်းတို့ရောက်ရှိရာနေရာများမှ ပြည်သူ့နေအိမ်များကို မီးရှို့ခြင်း၊ ဖျက်ဆီးခြင်း၊ နေအိမ်များတွင် အထိုင်ချခြင်း၊ ထွက်ပြေးတိမ်းရှောင်ကြရသည့် ပြည်သူများ၏နေအိမ်များမှပစ္စည်းများကို ခိုးယူခြင်းများကို လုပ်ကြသည်ဟု ဒေသခံများထံမှ သိရသည်။

#TachileikNewsAgency

Video : ဗိုလ်ကျားရိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့