ကွမ်းလုံမြို့ကို ညီနောင်မဟာမိတ်များ သိမ်းပိုက်

By Tachileik News Agency

ရှမ်းပြည်နယ်မြောက်ပိုင်း ကွမ်းလုံမြို့အား ညီနောင်မဟာမိတ်တပ်များက အပြီးအပိုင်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း The Kokang မှတစ်ဆင့် ယနေ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ(၁၂)ရက်နေ့တွင် ထုတ်ပြန်လာသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ(၉)ရက်နေ့က ကွမ်းလုံမြို့အား သိမ်းပိုက်ရရှိထားသော်လည်း ထွက်ပြေးနေသော စစ်ကောင်စီတပ်သားများကို လိုက်လံရှင်းလင်းနေသည့်အပြင် အလုံးစုံသိမ်းပိုက်၊ ထိန်းချုပ်ထားနိုင်ရေးအတွက် ညီနောင်မဟာမိတ် (၃)ဖွဲ့မှ ကြိုးစားနေသည်ဟု သတင်းထုတ်ပြန်ထားခဲ့သည်ကိုတွေ့ရပြီး ယနေ့တွင်အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း ထုတ်ပြန်လာခြင်းဖြစ်သည်။

ထို့အပြင် ယနေ့ နံနက်ပိုင်းတွင် ကွမ်းလုံမြို့ ကြိုးတံတားလည်း ပျက်စီးသွားပြီဖြစ်ပြီး သွားလာ၍ မရတော့ကြောင်း သတင်းများ ထွက်နေသည်ကိုလည်း တွေ့ရသည်။

မြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများ၊ တင့်ကားများ၊ ထောက်ပို့ယာဉ်များကိုလည်း သိမ်းဆည်းရရှိခဲ့သည်ဟု ထုတ်ပြန်ချက်အရ သိရသည်။

ညီနောင်မဟာမိတ်တပ်များသည် အောက်တိုဘာလ ၂၇ ရက်နေ့တွင် စတင်သည့်စစ်ဆင်ရေးဖြင့် ရှမ်းပြည်နယ်မြောက်ရှိ ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ ကြူကုတ်(ပန်ဆိုင်း)၊ မုံးကိုး၊ ကွမ်းလုံမြို့နှင့် နမ့်ခမ်းမြို့တို့ကို ထိန်းချုပ်ထားနိုင်ခဲ့ပြီးဖြစ်သည်။

(The Kokang မှတစ်ဆင့် ထုတ်ပြန်ထားသည့် မှတ်တမ်းဗီဒီယိုဖြစ်ပါသည်။ )