ရခိုင်ဒေသတွင်း စစ်ရေးအရအလုံးစုံရှုံးနိမ့်တော့မည့် စစ်ကောင်စီတပ်က ရမ်းဗြဲမြို့ကို လေကြောင်း၊ ရေကြောင်းမှ တိုက်ခိုက်ရာ နေအိမ် ၁၅၀ ကျော်မီးလောင်ပျက်စီး

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့ကို စစ်ကောင်စီတပ်က လေကြောင်း၊ ရေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် နေအိမ်(၁၅၀)ကျော် မီးလောင်ပျက်စီးသွားကြောင်း ရက္ခိုင့်တပ်တော်(AA)ထံမှ သိရသည်။

ရမ်းဗြဲမြို့ကို အလုံးစုံပြိုပျက်စေရန်ရည်ရွယ်ချက်ဖြင့် စစ်ကောင်စီသည် လေကြောင်း၊ ရေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဖေဖော်ဝါရီလ (၁၇)ရက်နေ့တွင် ရမ်းဗြဲမြို့ အမှတ်(၄) ကင်းတဲရပ်ကွက်မှ လူနေအိမ်(၁၅၀) ကျော်အထိ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

ထို့အပြင် ဖေဖော်ဝါရီလ (၁၈)ရက်နေ့တွင် ရမ်းဗြဲသိမ်‌တောင်ဘုရားကုန်းထက်၌ အခြေချတပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းမှ ရမ်းဗြဲမြို့အား လက်နက်ကြီးဖြင့် (၂)ကြိမ် ထပ်မံ ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ကျောက်ဖြူမြို့နယ်တွင်လည်း သစ်ပုတ်‌တောင်လမ်းခွဲရှိ အရပ်သားများ၏ ‌နေအိမ်နှင့် စျေးဆိုင်ခန်း တွဲဆောက်ထားသည့် အဆောင်(၆)လုံးကို ဖေဖော်ဝါရီလ (၁၇)ရက်နေ့တွင် စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး ဂုံးချွိန်တိုက်နယ်၊ မင်းတက်တောင်ကျေးရွာဘက်သို့ အပြန်လမ်းတွင် အရပ်သား(၄)ဦးကို အင်အားသုံး၍ မျက်နှာကို အဝတ်ဖြင့်အုပ်ကာ ဖမ်းဆီးသွားသည်ဟု သိရသည်။ 

 

ရခိုင်ဒေသအတွင်း စစ်ရေးအရ အလုံးစုံရှုံးနိမ့်တော့မည့် ပကတိအနေအထားကို လက်ခံနိုင်ခြင်းမရှိသည့် စစ်ကောင်စီသည် အကြမ်းဖက်ဖက်ဆစ်တို့၏လုပ်ရပ်အတိုင်း အရပ်သားများကို ပစ်မှတ်ထား ဖမ်းဆီးသတ်ဖြတ်ခြင်း၊ လမ်းပန်းဆက်သွယ်ရေးနှင့် သတင်းအချက်အလက် ဖြတ်‌တောက်ခြင်း၊ ကုန်စည်စီးဆင်းမှုဖြတ်တောက်ခြင်းများအား ပြုလုပ်နေသည်ဟု သိရသည်။

#TachileikNewsAgency

Video : Nyann Lynn Twan