စစ်တောင်းမြစ်ကူးတံတားမှ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကို PDFတပ်များတိုက်ခိုက်

ပဲခူးတိုင်း ရေတာရှည်မြို့နယ် ကျွဲရိုင်းပြင်ကျေးရွာအနီးရှိ စစ်တောင်းမြစ်ကူးတံတားမှ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကို ၂၀၂၃ခုနှစ် ဇူလိုင်လ (၁၇)ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်များက တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အင်အား (၅၀)၀န်းကျင်ရှိသည့် စစ်ကောင်စီတပ်၏ အဆိုပါ စစ်ဆေးရေးဂိတ်စခန်းအား တော်လှန်ရေးအင်အားစုများက (၄၀)မမ လက်နက်ကြီး (၅)လုံးဖြင့် စတင်ပစ်ခတ်ခဲ့ပြီးနောက် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု(၁၅)မိနစ်ခန့် ကြာမြင့်ခဲ့သည်ဟု သိရသည်။ 

ထို့အပြင် ယင်းနေ့ နံနက်ပိုင်းတွင်ပင် အဆိုပါစစ်ဆေးရေးဂိတ်ကို PDFတပ်များက စနိုက်ပါနှင့် ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်သားတစ်ဦး သေဆုံးခဲ့ခြင်းကြောင့် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည်ဟု သိရသည်။

အဆိုပါ တိုက်ခိုက်မှုအား တောင်ငူခရိုင် တပ်ရင်း(၃၅၀၁)၏ တပ်ခွဲ(၃၊ ၄၊ ၆)၊ ရေတာရှည်မြို့နယ် ပကဖ နှင့် PDFပူးပေါင်းစစ်ကြောင်းတို့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဇူလိုင်လ (၁၁)ရက်နေ့ကလည်း စစ်တောင်းမြစ်ကူးတံတားပေါ်ရှိ အဆိုပါ စစ်ဆေးရေးဂိတ်စောင့် စစ်ကောင်စီတပ်သားများကို  တော်လှန်ရေး အင်အားစုများက စနိုက်ပါဖြင့် သွားရောက်ပစ်ခတ်ခဲ့သေးသည်။

ထို့နောက် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်မှုကြောင့် တောင်သာကျေးရွာမှ နေအိမ် တစ်လုံးနှင့် အခြားကျေးရွာများမှ နေအိမ်တချို့ ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Video : တပ်ရင်း ၃၅၀၁၊ တပ်ခွဲ ၄-ရေတာရှည်မြို့နယ်အခြေစိုက်