တနင်္သာရီမြို့နယ်တွင် (၅)ရက်ကြာ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်များ အထိနာကာ ဆုတ်ခွါသွားရ

တနင်္သာရီမြို့နယ် သမီးလှအရှေ့ကမ်းကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်များ (၅)ရက်ကြာ တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်များ အထိနာကာ ပြန်ဆုတ်သွားရကြောင်း သိရသည်။

အင်အား(၆၀)ကျော်ပါသည့် ခမရ(၅၅၈)မှ စစ်ကောင်စီတပ်နှင့် ၂၀၂၃ ခုနှစ် ဇွန်လ (၁၅)ရက်နေ့ကစတင်ကာ ဇွန်လ(၂၀)ရက်နေ့အထိ KTLA tcjf၊ ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့၊ SWDF၊ မြိတ် (ပကဖ)၊ မြိတ်ခရိုင် တပ်ရင်း(၂)၊ တောဗုံးကြီးအဖွဲ့တို့ တိုက်ပွဲဖြစ်  ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်များသည် ဇွန်လ(၁၆)ရက်နေ့ကစတင်ပြီး သကျတ်ကျေးရွာအုပ်စု၊ ဘန်ကြုတ်ကျေးရွာမှ နေအိမ်များအား ဖျက်စီးပြီး တကူကျေးရွာအုပ်စုအတွင်းရှိ ကာကွယ်ရေးတပ်ဖွဲ့များရှိသည့် ကော်တော်ကျေးရွာအား စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်း သိရသည်။

ဇွန်လ(၁၇)ရက်နေ့တွင် သမီးလှကျေးရွာအတွင်းသို့ လက်နက်ကြီး အများအပြားသုံး ဝင်ရောက်ခဲ့ကာ ယင်းမှတစ်ဆင့် ကော်တောရွာသို့ ဝင်ရောက်ရန် ကြိုးစားရာက ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့နောက် ဇွန်လ(၁၉)ရက်နေ့တွင် ပူပေါင်းတပ်ဖွဲ့များက ထပ်မံတိုက်ခိုက်ခဲ့ရာ အထိနာသည့်စစ်ကောင်စီတပ်များသည် ယင်းနေ့ညနေတွင် သမီးလှရွာ နောက်ကျောမှ ဆုတ်ခွာသွားပြီး တောင်ပေါ်တွင် ခိုအောင်းနေစဉ် ဒရုန်းဖြင့် ဗုံးသီး(၄)ကြိမ်ချ၍ ထပ်မံတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ဇွန်လ(၂၀)ရက်နေ့ နံနက်ပိုင်းတွင်လည်း ၎င်းစစ်ကောင်စီတပ်သားများ ရှိသည့်နေရာ တောင်အနီးသို့ PDFတပ်ဖွဲ့များက အနီးကပ် ဝင်ရောက်တိုက်ခိုက်ခြင်း၊ ဒရုန်းဖြင့် ထပ်မံတိုက်ခိုက်ခံခြင်းများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

(၅)ရက်တာ တိုက်ပွဲအတွင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖက်မှ တစ်ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒရုန်းတစ်ခုဆုံးရှုံးခဲ့ရကာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူ ရှိခဲ့သည်ဟု သိရသည်။     

စစ်ကောင်စီဘက်က လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှုကြောင့် နေအိမ်(၃)လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ပြီး အရပ်သား(၄)ဦး ထိမှန်ပြီး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်ဟု သိရသည်။ ထို့အပြင် လမ်းပြအဖြစ်ဖမ်းဆီးခံခဲ့ရသော မိသားစု(၃)ဦးမှာလည်း အဆက်သွယ်မရဘဲ ပျောက်ဆုံးနေကြောင်း သိရသည်။

#TachileikNewsAgency

Photo : ဘက်မလိုက်ပြောက်ကျားအဖွဲ့တနင်္သာရီ